ရှေ့သို့
Image

အမြဲတမ်းနည်းပြ မခန့်ရသေးတာကြောင့် ဇန်နဝါရီလအတွင်း ပစ်မှတ်တွေ ခေါ်ယူခွင့်ကို ယူနိုက်တက် ငြင်းပယ်ခဲ့

8:57 AM, 3 February

ယူနိုက်တက်အသင်းဟာ နွေရာသီရောက်မှ အမြဲတမ်းနည်းပြ ခန့်အပ်မှာ ဖြစ်တာကြောင့် ပြီးခဲ့တဲ့ အပြောင်းအရွှေ့အတွင်း ဂျူလီယံ အယ်ဗာရက်ဇ်၊ ဇာခါရီယာ၊ ကာမာရာတို့ကို ခေါ်ယူခွင့်အား ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီလအတွင်း မာရှယ်နဲ့ ဗန်ဒီဘိခ်တို့ကိုသာ အငှားချခဲ့ကာ တိတ်ဆိတ်တဲ့ အပြောင်းအရွှေ့ရာသီကို ဖြတ်သန်းခဲ့ပါတယ်။ ဒါပေမဲ့ သတင်းတွေအရ ယခုလို ငွေမသုံးခဲ့ခြင်းဟာ အမြဲတမ်းနည်းပြ မခန့်ခင် အလျင်စလို ကစားသမားသစ် ခေါ်ယူလိုခြင်း မရှိခဲ့တာကြောင့်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ နိုဝင်ဘာလက ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီးနောက် ယာယီနည်းပြအဖြစ် ရန်းနစ်ကို ခန့်အပ်ထားခဲ့ပေမဲ့ အမြဲတမ်းနည်းပြကိုတော့ ယခုအချိန်ထိ ခန့်အပ်ရခြင်း မရှိသေးပါဘူး။ အိုးထရက်ဖို့ဒ်က မရေရာသေးတဲ့ အခြေအနေတွေကြောင့် အသင်းဟာ ပစ်မှတ်ရွေးချယ်စရာတွေ ရှိနေပေမဲ့ ကစားသမားသစ် ၁ဦးမှ မခေါ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဖာဘရီဇီယို ရိုမာနိုကလည်း ယူနိုက်တက်ဟာ အာဂျင်တီးနားတိုက်စစ်မှူး အယ်ဗာရက်ဇ်ကို ခေါ်ယူခွင့် ရခဲ့ပေမဲ့ စိတ်ဝင်တစားနဲ့ ကြိုးပမ်းခဲ့ခြင်း မရှိဘူးလို့ ဖော်ပြထားပါတယ်။ အယ်ဗာရက်ဇ်ဟာ မန်စီးတီးနဲ့ ၅နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပေမဲ့ ရာသီကုန်ထိ ရေးဗားပလိတ်မှာပဲ ဆက်ကစားပေးသွားမှာ ဖြစ်ပါတယ်။

အလားတူ ဂျူဗင်တပ်စ်ကို ရောက်သွားတဲ့ ဂလာဘတ်ကွင်းလယ်လူ ဇာခါရီယာကိုလည်း ဒီဇင်ဘာလကတည်းက ခေါ်ယူခွင့်ရခဲ့ပေမဲ့ မခေါ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အီတလီက သတင်းတွေက ဆိုပါတယ်။ မာဆေးလ်ကွင်းလယ်လူ ကာမာရာကိုလည်း အပြောင်းအရွှေ့နောက်ဆုံးရက်တွေမှာ ခေါ်ယူခွင့် ရခဲ့ပေမဲ့ အမြဲတမ်းနည်းပြ မခန့်ခင် ခေါ်ယူမှု ပြုလုပ်တာက smart ကျတဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ ယူဆခဲ့ကြပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဂျူလီယန်အယ်ဗာရက်ဇ် #ကာမာရာ #ဇာခါရီယာ