ရှေ့သို့
Image

အူဘာမီယန်းကို ထွက်ခွာခွင့်ပေးခဲ့တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ ပီတစ် ထောက်ခံ

11:49 AM, 2 February

ဆောင်းရာသီဈေးကွက်အတွင်း အသင်းခေါင်းဆောင်ဟောင်း အူဘာမီယန်းကို ထွက်ခွာခွင့်ပြုခဲတဲ့ အာဆင်နယ်အသင်းနည်းပြ အာတီတာရဲ့ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ အာဆင်နယ်ဂန္ထဝင်ကွင်းလယ်လူ ပီတစ်က ထောက်ခံလိုက်ပါတယ်။

အသက် ၃၂နှစ်အရွယ်ရှိ ဂါဘွန်အသင်းခေါင်းဆောင် အူဘာမီယန်းဟာ ဒီဇင်ဘာလ ၆ ရက်နေ့က အဲဗာတန်နဲ့ပွဲမှာ ၆မိနစ်အကြာ လူစားဝင်ကစားပြီးနောက်ပိုင်း အာဆင်နယ်အတွက် ပွဲထွက်ခွင့်မရတော့ဘဲ စည်းကမ်းပိုင်း မလိုက်နာမှုကြောင့် အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ သူဟာ အာဆင်နယ်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက် ဘာစီလိုနာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့ပြီး ပီတစ်က အူဘာမီယန်းဟာ အရင်ကလိုမဟုတ်တော့တဲ့အတွက် အသင်းရဲ့ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ ပြောပါတယ်။

''အူဘာမီယန်းနဲ့ပတ်သက်လို့ အားလုံးမျှော်လင့်ထားတဲ့အတိုင်း အာတီလာ လုပ်ဆောင်ခဲ့တာပါ။ အူဘာမီယန်းက ဂရိတ်ပလေယာတစ်ဦးဖြစ်လို့ သူ့ကို မလေးမစားလုပ်တာမျိုးလည်း မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ သူဟာ နောက်ပိုင်းလတွေမှာ အရင်ကပုံစံမျိုးမဟုတ်တော့ပါဘူး။ သူ့စိတ်ထဲမှာ တစ်ခုခုပြောင်းလဲသွားခဲ့ပါတယ်''''ဒါက အသင်းနဲ့ ပတ်သက်လား၊ နည်းပြကြောင့်လား၊ ဒါမှမဟုတ် သူ့ဘဝကြောင့်လားဆိုတာလားတော့ မသိပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အူဘာမီယန်းကို မမြင်ရတာတော့ အမှန်ပါပဲ''လို့ ပီတစ်က ပြောပါတယ်။

ဆက်လက်ပြီး ပြင်သစ်နိုင်ငံသား ပီတစ်က အူဘာမီယန်းအနေနဲပ ၂၀၂၀ စက်တင်ဘာလက တစ်ပတ်လုပ်ခလ ပေါင် ၃၅၀၀၀၀ တန် ၃နှစ်စာချုပ်သစ်ချုပ်ဆိုပြီးချိန်ကတည်းက ပုံမှန်ခြေစွမ်းမပြနိုင်တော့တာဖြစ်ကြောင်း ပြောပါတယ်။

#အာတီတာ #အာဆင်နယ် #အပြောင်းအရွှေ့ #အူဘာမီယန်း #ပီတစ်