ရှေ့သို့
Image

အသင်းသစ် အဲဗာတန်မှာ ပျော်ရွှင်မှု ပြန်လည်ရရှိဖို့ အယ်လီ မျှော်လင့်

11:45 AM, 2 February

အဲဗာတန်အသင်းကွင်းလယ်လူ အယ်လီက ကစားသမားဘဝလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာရေးအတွက် ကြိုးစားရာမှာ အသင်းနဲ့အတူ ပါဝင်ကစားရင်း ပျော်ရွှင်မှုပြန်လည်ရှာဖွေနိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟောင်း အယ်လီဟာ ဆောင်းဈေးကွက်မှာ တော့တင်ဟမ်ကနေ အဲဗာတန်ကို ၂နှစ်ခွဲစာချုပ်နဲ့ ရောက်လာခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရခဲ့ပေမယ့် အခုနောက်ပိုင်း တော့တင်ဟမ်မှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရလို့ အင်္ဂလန်အသင်းနဲ့လည်း ဝေးကွာနေပါတယ်။

''ကျွန်တော်ဟာ အဲဗာတန်နည်းပြ လမ်းပတ်နဲ့ စကားပြောပြီးပါပြီ။ ကျွန်တော်ဟာ လမ်းပတ်ကစားပုံတွေကို စောင့်ကြည့်လေ့လာခဲ့တာပါ။ အခုလို သူနဲ့ လက်တွဲအလုပ်ခွင့်ရလို့ တကယ့်ကိုစိတ်လှုပ်ရှားမိပြီး ကြီးကျယ်တဲ့အရာတွေ အတူတူဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်''လို့ အယ်လီက ပြောပါတယ်။

အသင်းပြောင်းရွှေ့လာမှုမှာ ဘောလုံးကစားတဲ့အခါ ပျော်ရွှင်မှုတွေ ပြန်လည်ရှာဖွေချင်တာက အဓိကကျခဲ့တယ်လို့ အယ်လီက ပြောပါတယ်။

''ကျွန်တော့်အနေနဲ့ ဘောလုံးကစားတဲ့အခါ ပျော်ရွှင်စွာကစားနိုင်ဖို့ပဲ လိုချင်တာပါ။ လမ်းပတ်နဲ့ အလုပ်အတူတူလုပ်ခွင့်ရတာ၊ ကြီးကျယ်တဲ့အဲဗာတန်အသင်းသားတွေနဲ့ လက်တွဲခွင့်ရတာတွေကြောင့် ကျွန်တော့်ရဲ့ ဆန္ဒပြည့်လိမ့်မယ်လို့ ယုံကြည်ပါတယ်''လို့ အယ်လီက ပြောပါတယ်။

အယ်လီရဲ့အပြောင်းအရွှေ့မတိုင်ခင် နာရီပိုင်းအလိုကပဲ အဲဗာတန်အသင်းဟာ နည်းပြဟောင်း ဘင်နီတက်ဇ်ရဲ့နေရာမှာ နည်းပြသစ်အဖြစ် လမ်းပတ်ကို ခန့်အပ်ခဲ့တာဖြစ်ပြီး လမ်းပတ်ဟာ အယ်လီအပြင် ယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို အငှားစာချုပ်နဲ့ ခေါ်ယူအားဖြည့်နိုင်ခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ ဗန်ဒီဘိခ်ဟာ ၂၀၂၀ နွေရာသီက အေဂျက်စ်ကနေ ပေါင် ၃၅သန်းနဲ့ ယူနိုက်တက်ကို ရောက်လာခဲ့ပေမယ့် အသင်းအတွက် ပရီးမီးယားလိဂ်မှာ ဦးစားပေးကစားသမားအဖြစ် စုစုပေါင်း ၄ပွဲပဲ ကစားခွင့်ရခဲ့ပါတယ်။

#အဲဗာတန် #အပြောင်းအရွှေ့ #အယ်လီ