ရှေ့သို့
Image

နယူးကာဆယ်၊ တော့တင်ဟမ် အပါအဝင် အသင်း ၆ သင်းရဲ့ ကမ်းလှမ်းချက်တွေကို ပယ်ချကာ လင်ဂတ်ကို အသင်းပြောင်းခွင့် ပိတ်ပင်ခဲ့တဲ့ ယူနိုက်တက်

11:15 AM, 1 February

နည်းပြ ရန်နစ်ကလည်း ကစားသမားကို ထွက်ခွာခွင့် ပေးထားသလို အပြောင်းအရွှေ့မပိတ်ခင် ဂျက်စီလင်ဂတ်အား အငှားဖြင့် ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်အသင်းများစွာက ကမ်းလှမ်းမှုတွေ လုပ်ခဲ့သော်လည်း မန်ချက်စတာယူနိုက်တက်ဟာ အင်္ဂလန်သားရဲ့ အပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့ပါတယ်။

အပြောင်းအရွှေ့ပိတ်သည်အထိ ယူနိုက်တက်ဟာ နယူးကာဆယ်နဲ ့ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ဝက်စ်ဟမ်းဟာလည်း လင်ဂတ်ကို အငှားထပ်ခေါ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ နယူးကာဆယ်ကလည်း အငှားခေါ်ယူခွင့် ပေါင်၃သန်း၊ တန်းမဆင်းရအောင် ရှောင်လွဲနိုင်ခဲ့ရင် ပေါင်၄သန်း အပိုထပ်ဆောင်းပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အမူဆောင်ချုပ် ဂျိုရယ် ဂလေဇာဟာ ဆော်ဒီပိုင်ရှင်တွေရဲ့ ကမ်းလှမ်းချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက အငှားသွားကစားရာမှာ လင်ဂတ် ခြေစွမ်းပြခဲ့တဲ့ ဝက်စ်ဟမ်းကိုလည်း ပြန်အငှားချဖို့ယူနိုက်တက် လက်တွန့်ခဲ့သလို တော့တင်ဟမ်၊ လက်စတာတို့ကိုလည်း ထိပ်သီး၄သင်း ဝင်ရောက်ရေးမှာ ပြိုင်ဘက်ဟု ယူဆကာ အငှားမချခဲ့ပါဘူး။ အဲဗာတန်ဟာလည်း လင်ဂတ်ကို စိတ်ဝင်စားခဲ့ပေမယ့် ဗန်ဒီဘိခ်ကို အငှားနဲ့ခေါ်ယူပြီ ဖြစ်တာကြောင့် တစ်သင်းထဲမှာ အငှား၂ယောက် မခေါ်နိုင်တဲ့ စည်းမျဉ်းကြောင့် နောက်ဆုတ်ခဲ့ရပါတယ်။

နည်းပြကိုယ်တိုင်က တနင်္လာနေ့ ကာရင်တန်ကွင်းမှာ နှစ်ဦးသား ဆွေးနွေးမှုအပြီး အသင်းကနေ ထွက်ခွာခွင့် ပေးထားတာကြောင့် ယခုလို အပြောင်းအရွှေ့ ဖြစ်မလာခြင်းအပေါ် လင်ဂတ်တစ်ယောက် စိတ်ပျက်နေတယ်လို့သိရပါတယ်။ လာမယ့် ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်းမှာ နေရာရချင်တာကြောင့် ယခုနှစ် ယူနိုက်တက်တွင် ၂ပွဲသာ ပွဲထွက်ကစားရသေးတဲ့ လင်ဂတ်ဟာ ပုံမှန်ကစားခွင့် ရလိုနေတာ ဖြစ်ပါတယ်။

လင်ဂတ်ဟာ လက်ရှိမှာတော့ လာမယ့် နွေရာသီမှာ စာချုပ်ကုန်ဆုံးသည်အထိ ယူနိုက်တက်မှာ သည်းခံ စောင့်ဆိုင်းရဖွယ် ရှိပါတယ်။ တဖက်မှာတော့ ယူနိုက်တက်အခြေစိုက်သတင်းတွေအရ ချစ်သူကောင်မလေးကို လိင်ပိုင်းဆိုင်ရာစော်ကားမှု ၊ ရိုက်နှက်မှုတွေနဲ့ အဖမ်းခံရထားတဲ့ ဂရင်းဝုဒ်ကြောင့် လင်ဂတ်ကို အငှားမလွတ်ပေးတာလို့ယူဆမှုတွေအား မဟုတ်မှန်ကြောင်း ဆိုထားပါတယ်။

နည်းပြရန်နစ် ကိုယ်တိုင်က အသင်းမှာ မပျော်မရွှင်ဖြစ်နေတဲ့ ကစားသမားတွေကို ထွက်ခွာခွင့် ပြုထားပြီး တောင်ပံကစားသမား မာရှယ်ကို ဆီဗီလာထံ အငှားချခဲ့သလို အဲဗာတန်သို့လည်း ကွင်းလယ်လူ ဗန်ဒီဘိခ်အား အငှားချခဲ့ပါတယ်။ #တော့တင်ဟမ် #နယူးကာဆယ် #ဝက်စ်ဟမ်း #အပြောင်းအရွှေ့ #လင်ဂတ်