ရှေ့သို့
Image

၂၀၂၂ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဘာတွေမျှော်လင့်နိုင်မလဲ

12:27 PM, 31 January

ပရီးမီးယားလိဂ် ဇန်နဝါရီ အပြောင်းအရွှေ့ပိတ်ခါနီးမှာတော့ ကလပ်တွေဟာ ယခုနှစ်တွေအတွင်း အလုပ်အများဆုံး deadline day တစ်ခုကို ပြင်ဆင်လျက် ရှိနေပါတယ်။ ဥရောပထိပ်တန်းလိဂ်တွေက အပြောင်းအရွှေ့ဟာ အင်္ဂါနေ့ နံနက် ၅နာရီဝန်းကျင်အချိန်မှာ ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ယမန်နှစ် ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ပေါင် သန်း၇၀သာ သုံးခဲ့ပေမဲ့ ယခုနှစ်မှာတာ့ ပေါင် ၁၉၅သန်းအထိ အသုံးပြုရဖို့ ရှိနေပါတယ်။ ဒါကြောင့် ယခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘာတွေ မျှော်လင့်ထားလို့ရနိုင်မယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ဆော်ဒီသူဌေးတွေ ဝယ်ယူလိုက်ပြီးနောက်ပိုင်း ကမ္ဘာ့အချမ်းသာဆုံး ကလပ်တစ်ခု ဖြစ်လာတဲ့ နယူးကာဆယ်ကတော့ ယခုလအတွင်း ငွေသုံးကြမ်းလျက် ရှိနေပါတယ်။ ဘရိုက်တန် နောက်ခံလူ ဒန် ဘန်းကို ပေါင် ၁၃သန်းနဲ့ သဘောတူညီမှုရခြင်း အပါအဝင် ပေါင် သန်း၉၀နီးပါး အသုံးပြုထားခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ ဗီလာ ဘယ်နောက်ခံလူ တားဂတ်နဲ့ အာဆင်နယ်တိုက်စစ်မှူး အန်ကီတီယာတို့ကိုလည်း ချိတ်ဆက်နေပါတယ်။ နယူးကာဆယ်အပါအဝင် ပရီးမီးယားလိဂ် ကလပ်အများအပြားက လင်ဂတ်ကို လိုချင်နေကြပေမဲ့ ယူနိုက်တက်ကတော့ ရောင်းချရန် လက်တွန့်နေပါတယ်။

တော့တင်ဟမ်အသင်းဟာ ကွန်တီလက်ထက် ပထမဆုံးခေါ်ယူမှုတွေအဖြစ် ဂျူဗင်တပ်စ်က ဘန်တန်ကာနဲ့ ကူလူဆက်ဗ်စကီးတို့ကို ခေါ်ယူရန် ကြိုးစားနေပါတယ်။ အလားတူ ကွင်းလယ်လူ ရမ်ဆေးကိုလည်း နယူးကာဆယ်၊ ဘန်လေ၊ အဲဗာတန်၊ ပဲလေ့စ်၊ လိဒ်စ်ယူနိုက်တက်တို့က စိတ်ဝင်စားနေကြပါတယ်။

ဒီဇင်ဘာအစောပိုင်းကတည်းက အာဆင်နယ်အတွက် မကစားပေးရတော့တဲ့ တိုက်စစ်မှူး အူဘာမီယန်းက ဘာစီလိုနာကို အငှားနဲ့ပြောင်းဖို့ နီးစပ်နေပါတယ်။ ယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘိခ်က အဲဗာတန်ကို အငှားနဲ့ ပြောင်းဖို့ သဘောတူထားပေမဲ့ အတည်မဖြစ်သေးပဲ ဖီးလ်ဂျုံးစ်ကိုလည်း ဘော်ဒိုးက ခေါ်ယူရန် ဆွေးနွေးနေပါတယ်။

မန်စီးတီးကတော့ ရေးဗားပလိတ်တိုက်စစ်မှူး ဂျူလီယံ အယ်ဗာရက်ဇ်ကို ခေါ်ယူတယ်ဆိုတာ အတည်ပြုဖို့ မျှော်လင့်ပေမဲ့ မိခင်ကလပ်ကို ပြန်အငှားချဖို့ ရှိနေပါတယ်။ တော့တင်ဟမ်ကွင်းလယ်လူ အန်ဒွမ်ဘီလီကလည်း လိုင်ယွန်ကို ပြောင်းဖို့ ပြင်သစ်ကို ရောက်နေကာ အယ်လီကိုတော့ အေစီမီလန်က ပစ်မှတ်ထားနေပါတယ်။

ဘရန့်ဖို့ဒ်အသင်းက အဲရစ်ဆင်ကို အပြောင်းအရွှေ့မပိတ်ခင် ခေါ်ယူမှာ ဖြစ်ပြီး ချဲလ်ဆီး တိုက်စစ်မှူးဟောင်း မိုရာတာလည်း ပရီးမီးယားလိဂ်ကို ပြန်လာမယ်ဆိုပြီး ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ ဒမ်ဘီလီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရထားပြီး ဘာစီလိုနာက အူဘာမီယန်း၊ မိုရာတာ၊ အီကာဒီ တစ်ဦးဦးကို ပြန်ခေါ်ဖို့ ရှိနေပါတယ်။

#အာဆင်နယ် #အပြောင်းအရွှေ့ #အူဘာမီယန်း #အန်ကီတီယာ