ရှေ့သို့
Image

အန်ကီတီယာအတွက် ပဲလေ့စ်ရဲ့ တတိယအကြိမ်ကမ်းလှမ်းမှုကို အာဆင်နယ် ပယ်ချ

10:48 AM, 30 January

အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အန်ကီတီယာအတွက် တတိယအကြိမ်မြောက် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ အသက် ၂၂ နှစ်သားဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ကာ နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာနိုင်တာဖြစ်ပါတယ်။ အာဆင်နယ်ကတော့ အင်္ဂလန်သားကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးပမ်းနေဆဲဖြစ်ကာ ပြီးခဲ့တဲ့လတုန်းက ကမ်းလှမ်းမှုကို ပယ်ချထားပါတယ်။

ရလဒ်အရ သူဟာ ပြည်ပကလပ်အသင်းတစ်သင်းနဲ့ အကြိုသဘောတူညီမှုရယူနိုင်တာဖြစ်ကာ လေဗာကူဆင်က စိတ်ဝင်စားနေပါတယ်။ ပဲလေ့စ်အသင်းက  ဒီရာသီ အာဆင်နယ်အသင်း ကာရာဘောင်ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ရာမှာ ၅ ဂိုးသွင်းယူကူညီပေးခဲ့တဲ့ အန်ကီတီယာကို ၂ ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ စကိုင်းစပေါ့တ်သတင်းဌာနကတော့ အာဆင်နယ်ဟာ ပဲလေ့စ်အသင်းရဲ့ နောက်တစ်ကြိမ်ကမ်းလှမ်းမှုကို ပယ်ချထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

ပဲလေ့စ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ကမ်းလှမ်းခဲ့သေးပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ပဲလေ့စ်က တနင်္လာနေ့ အပြောင်းအရွှေ့မပိတ်ခင် အန်ကီတီယာကို ၄ ကြိမ်မြောက် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ အခြားတစ်ဖက်မှာလည်း အန်ကီတီယာကို နယူးကာဆယ်အသင်းက စိတ်ဝင်စားနေပြီး အားပြိုင်ရဖွယ်ရှိနေပါတယ်။

အန်ကီတီယာဟာ ၂၀၁၇ နောက်ပိုင်း အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၇၅ ပွဲအထိ ပါဝင်ကစားထားခွင့် ရရှိထားကာ ဒီရာသီ အာတီတာလက်အောက်မှာတော့ ပါဝင်ခွင့်မရသေးတာဖြစ်ပါတယ်။ အာတီတာကလည်း မကြာသေးခင်တုန်းက အင်္ဂလန်သားကို အသင်းမှာ ဆက်ထိန်းဖို့ ပြင်ဆင်ထားတယ်လို့ ပြောကြားထားခဲ့ပါတယ်။ “ကျွန်တော် အက်ဒီနဲ့ စကားပြောပြီးပါပြီ။ သူ ကျွန်တော်တို့နဲ့ ဆက်ရှိနေမှာပါ။ သူကလည်း အသင်းမှာ ဆက်နေချင်တယ်ဆိုတာကို ပြသထားပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #ခရစ္စတယ်ပဲလေ့စ် #အန်ကီတီယာ