ရှေ့သို့
Image

လူးဝစ်ဒီရက်ဇ်ရောက်လာရင် တိုက်စစ်ကစားသမား နှစ်ဦးကိုရောင်းနိုင်တဲ့ လီဗာပူး

2:34 PM, 29 January

လီဗာပူးအသင်းဟာ ပေါ်တိုတောင်ပံကစားသမား လူးဝစ်ဒီရက်ဇ်ကို ခေါ်ယူနိုင်ဖို့ သေချာသလောက် ရှိနေပြီဖြစ်တာကြောင့် အရန်တိုက်စစ် ကစားသမားတွေဖြစ်တဲ့ ဒီဗော့အိုရီဂီနဲ့ တာကုမိမီနာမီနိုတို့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားဖွယ် ရှိနေပါတယ်။ 

လီဗာပူးဟာ တော့တင်ဟမ်ပစ်မှတ် ဒီရက်ဇ်ကို ကြားဖြတ်ခေါ်ယူသွားတာ ဖြစ်ပြီး ကိုလံဘီယာလက်ရွေးစင်ဟာ မကြာခင် လီဗာပူးနဲ့ လာရောက်ပူးပေါင်းဖွယ် ရှိပါတယ်။ လီဗာပူးဟာ ဒီရက်ဇ်ကို ပေါင် ၄၅ သန်းထိပေးပြီး ကမ်းလှမ်းခဲ့တယ်လို့လည်း Sky Sports က ဖော်ပြခဲ့ပါတယ်။ မာဆေးဆိုက်ကလပ်ဟာ တောင်အမေရိကသားရဲ့ အပြောင်းအရွှေ့ကို လက်ရှိအပြောင်းအရွှေ့ ရာသီမကုန်မီ အပြီးသတ်ဖို့ အရှိန်မြှင့်ဆောင်ရွက်နေပါတယ်။ 

အဲ့ဒါကြောင့် ဒီရက်ဇ်ရဲ့အပြောင်းအရွှေ့သာ အပြီးသတ်ခဲ့မယ်ဆိုရင် လီဗာပူးအနေနဲ့ အသင်းမှာ ရှိပြီးသား တိုက်စစ်ကစားသမား တစ်ချို့ကို ရှင်းထုတ်ဖွယ်ရှိနေပါတယ်။ The Athletic သတင်းစာရဲ့ အဆိုအရ လီဗာပူးဟာ အိုရီဂီနဲ့ မီနာမီနိုတို့နှစ်ယောက်အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ဒီလထဲမှာ ရရှိခဲ့မယ်ဆိုရင်တော့ အသင်းကထွက်ခွာခွင့် ပေးသွားဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။ 

၂၀၂၀ တုန်းက ဆဲလ်ဘတ်ကနေ ရောက်ရှိလာခဲ့ပြီးနောက် လီဗာပူးမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ မီနာမီနိုကိုတော့ လိဒ်ယူနိုက်တက်နဲ့ မိုနာကိုတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ မီနာမီနိုဟာ ပြီးခဲ့တဲ့ရာသီကလည်း ဆောက်သမ်တန်မှာ အငှားထွက်ကစားခဲ့ရပြီး ဒီရာသီမှာ ပရီးမီးယားလိဂ် ပွဲထွက်ခွင့် မရရှိသေးပါဘူး။ ဂျပန်လက်ရွေးစင်အတွက် ပေါင်သန်း ၂၀ လောက်နဲ့သာ ကမ်းလှမ်းလာရင် လီဗာပူးကလည်း လက်ခံသွားဖွယ် ရှိပါတယ်။ 

အိုရီဂီကိုတော့ နယူးကာဆယ်နဲ့ အီတလီကလပ် အတ္တလန္တာတို့က စိတ်ဝင်စားလျက်ရှိပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ ၂၀၁၉ ချန်ပီယံလိဂ်ဖိုင်နယ်တုန်းက တော့တင်ဟမ်ကို ၂-၀ နဲ့ နိုင်တဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဒုတိယဂိုးအပါအဝင် လီဗာပူးအတွက် စုစုပေါင်း ၁၆၇ ပွဲကစားပြီး ဂိုး ၄၀ သွင်းယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့လက်ရှိစာချုပ်ကလည်း ဒီနွေရာသီဆိုရင် သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် တစ်နှစ်သက်တမ်း တိုးခွင့်ပါဝင်နေတာကြောင့် ဒီရာသီမှာသာ နေရာအနည်းငယ် ရရှိခဲ့ရင် အသင်းမှာ ဆက်နေသွားဖွယ် ရှိပါတယ်။ 

လီဗာပူးအနေနဲ့ ဘဏ္ဍာရေးအခြေအနေကို မြှင့်တင်နိုင်ဖို့အတွက် ခံစစ်မှူး နတ်ဖီးလစ်ကိုလည်း ရောင်းထုတ်ပြီး ဝင်ငွေရှာဖွေနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ လီဗာပူးဟာ ဝက်ဖို့ဒ်အသင်းက ကမ်းလှမ်းလာတဲ့ ဗဟိုခံစစ်မှူးအတွက် ပေါင် ၇ သန်းတန် ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ပြီး ပေါင် ၁၅ သန်း တန်ကြေး သတ်မှတ်ခဲ့ပါတယ်။ ၂၄ နှစ်သားကို ခေါ်ယူဖို့တော့ လက်ရှိအပြောင်းအရွှေ့မှာ နယူးကာဆယ်က စိတ်ဝင်စားနေပါတယ်။ 


#လီဗာပူး #အိုရီဂီ #လူးဝစ်ဒီရက်ဇ်