ရှေ့သို့
Image

ရန်နစ်သာနည်းပြအဖြစ် ဆက်ရှိရင် ယူနိုက်တက်မှာ ဆက်နေနိုင်တဲ့ ပေါ့ဂ်ဘာ

2:14 PM, 29 January

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာကတော့ ယူနိုက်တက်နည်းပြအဖြစ် လက်ရှိယာယီနည်းပြ ရာ့ဖ်ရန်နစ် ဆက်ရှိနေမယ်ဆိုရင် အသင်းမှာ ဆက်နေသွားဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ 

အသက် ၂၈ နှစ်အရွယ်ရှိ ပေါ့ဂ်ဘာဟာ နည်းပြရန်နစ်လက်အောက်မှာ ကစားဖူးဖြင်းမရှိသေးပါဘူး။ နိုဝင်ဘာလက နိုင်ငံပွဲတွေ ကစားရင်း ရရှိခဲ့တဲ့ ပေါင်ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ ကြိုးစားနေရတာကြောင့် ဒီဇင်ဘာလမှ အသင်းကို ရောက်လာတဲ့ နည်းပြရန်နစ်ရဲ့ ကစားကွက်မှာ ပါဝင်ကစားနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ 

ပြင်သစ်ကွင်းလယ်လူရဲ့ အနာဂတ်ကလည်း မသေချာတဲ့ အနေအထားမှာ ရှိနေပြီး လက်ရှိစာချုပ်သက်တမ်း ၅ လသာ ကျန်တော့တဲ့အချိန်မှာ စာချုပ်သက်တမ်း တိုးနိုင်တဲ့ အရိပ်အယောင်တွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းကတော့ ပေါ့ဂ်ဘာဟာ  အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ဇွန်လမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ပါတယ်။ 

ဒါပေမယ့် The Sun ရဲ့ ဖော်ပြချက်အရ ပေါ့ဂ်ဘာဟာ နည်းပြရန်နစ်ကို အရမ်းသဘောကျနေပြီး ရန်နစ်လက်အောက်မှာ ကစားနိုင်ဖို့အတွက် စာချုပ်သစ်ကိစ္စကို တစ်ဖန်ပြန်စဉ်းစားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ယာယီနည်းပြကြီး ကိုယ်တိုင်ကလည်း ပေါ့ဂ်ဘာရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ဆွဲထုတ်နိုင်ခဲ့ရင် သူ့အတွက်ရော၊ ယူနိုက်တက်အတွက်ပါတိုးတက်စေမယ်လို့ ယုံကြည်ထားပါတယ်။ 

နည်းပြဟောင်းတွေဖြစ်တဲ့ အိုလီဂန်နာဆိုးလ်ရှားနဲ့ ဂျိုဆေးမော်ရင်ဟိုတို့ နှစ်ဦးစလုံး ပေါ့ဂ်ဘာရဲ့ အကောင်းဆုံးခြေစွမ်းကို မဖော်ထုတ်နိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် လက်ရှိနည်းပြရန်နစ်ကတော့ ပေါင် ၈၉ သန်းတန် ပေါ့ဂ်ဘာရဲ့ ခြေစွမ်းအမှန်တွေကို ညှစ်ထုတ်နိုင်မယ်လို့ ယူဆရတာကြောင့် သူ့ရဲ့ ယူနိုက်တက် ကစားသမားဘ၀ အနာဂတ်ကိုပြန်စဉ်းစားဖို့ ရှိလာတာ ဖြစ်ပါတယ်။ ဂျာမန်သားနည်းပြကြီးဟာ အသင်းမှာ အားနည်းတဲ့နေရာတစ်ခု ဖြစ်နေတဲ့ ကွင်းလယ်မှာ ပေါ့ဂ်ဘာကို အဓိကထားပြီး တည်ဆောက်သွားဖို့ စီစဉ်နေပါတယ်။ 

ဒါ့အပြင် နောက်ကွယ်မှာလည်း ပေါ့ဂ်ဘာကို အသင်းကနေ ထွက်မသွားအောင် စည်းရုံးနေတယ်လို့လည်း သိရပါတယ်။ လက်ရှိယူနိုက်တက်ရဲ့ အဝတ်လဲခန်းထဲမှာ အပြောင်းအလဲတွေ ဖြစ်နေပေမယ့် ပေါ့ဂ်ဘာကတော့ အသင်းဖော်တွေကြားမှာ ထင်ရှားတဲ့ ကစားသမားအဖြစ် ရှိနေဆဲဖြစ်သလို အသင်းကိုလည်း ကောင်းကောင်းဦးဆောင်နိုင်သူ ဖြစ်ပါတယ်။ ရန်နစ်ရောက်ရှိလာမှုက ယူနိုက်တက်အတွက် မျှော်လင့်ချက် ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ 

ပေါ့ဂ်ဘာရဲ့ဒဏ်ရာကလည်း ပြန်လည်သက်သာလာပြီဖြစ်လို့ ရာသီမကုန်ခင် ပြန်ကစားနိုင်ဖို့ရှိနေသလို ရန်နစ်ကလည်း ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြဖြစ်လာဖို့ ရေပန်းစားလာပါတယ်။ ယူနိုက်တက်တာဝန်ရှိသူတွေကတော့ အမြဲတမ်းနည်းပြသစ်တစ်ဦးကို ရှာဖွေနေသလို၊ ရန်နစ်ရဲ့ ပထမနှစ်လ စွမ်းဆောင်ရည်အပေါ်မှာလည်း နှစ်သက်လျက်ရှိတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကစားရမယ့် ဘန်လေနဲ့ပွဲကတော့ ပေါ့ဂ်ဘာပြန်ကစားနိုင်တဲ့ ပထမဆုံးပွဲဖြစ်လာနိုင်ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ပေါ့ဂ်ဘာ #ရန်နစ်