ရှေ့သို့
Image

အဲဗာတန် နည်းပြသစ်ဖြစ်လာရန် နီးစပ်နေတဲ့ ဖရန့်လမ်းပတ်

9:59 AM, 29 January

အဲဗာတန်အသင်းဟာ အင်္ဂလန်ကွင်းလယ်လူဟောင်း ဖရန့်လမ်းပတ်နဲ့ နည်းပြနေရာအတွက် ဆွေးနွေးမှုတွေ လုပ်နေပြီး အခြေအနေကောင်းနေတယ်လို့သိရပါတယ်။

အသက်၄၃နှစ်အရွယ် လမ်းပတ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ချဲလ်ဆီးမန်နေဂျာအဖြစ်ကနေ ထုတ်ပယ်ခံရပြီးနောက် တစ်နှစ်ကြာ နားနေတာ ဖြစ်ပါတယ်။ သောကြာနေ့က ပေါ်တူဂီလူမျိုး ဗစ်တာပါရဲယားကို နည်းပြအဖြစ် ခန့်အပ်ရန် ဆွေးနွေးမှု လုပ်ခဲ့ပေမယ့် ဆွေးနွေးမှုက အဆင်မပြေခဲ့ဘဲ လမ်းပတ်ဆီသို့မြှားဦးလှည့်လာတာ ဖြစ်ပါတယ်။

အဲဗာတန်အသင်းမှာ နည်းပြ ဘင်နီတက်ဇ်ဟာ နောက်ဆုံး၁၃ပွဲမှာ ၁ပွဲသာ နိုင်ခဲ့တာကြောင့် ထုတ်ပယ်ခံရခြင်း ဖြစ်ပါတယ်။ လီဗာပူးမန်နေဂျာဟောင်းဟာ ရာထူးတွင် ၇လတာ နေခဲ့ရပြီး ပရီးမီးယားလိဂ် အဆင့်၁၆နေရာ တန်းဆင်းဇုန်နှင့် ၆မှတ်သာ ကွာဟနေမှုကြောင့် ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဗုဒ္စဟူးညကလည်း အဲဗာတန်ပရိသတ်ရာချီဟာ ဂူဒီဆင်ပါခ်တွင် ကလပ်ရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုတွေနဲ့ပတ်သက်လို့အသင်းပိုင်ရှင်နှင့် ဘုတ်အဖွဲ့ကို ဆန္ဒပြစာတန်းတွေ ချိတ်ဆွဲခဲ့ကြပါတယ်။ ကစားသမားဟောင်းဖြစ်သူ ရွန်းနီကို နည်းပြအဖြစ် ခန့်အပ်ရန် ရည်မှန်းခဲ့သော်လည်း ရွန်းနီဘက်က ဒါဘီကောင်တီကို ရာသီအကုန်ထိ ဆက်လက်နည်းပြရန် ဆန္ဒရှိခဲ့တာကြောင့် ကမ်းလှမ်းလာတဲ့ အခွင့်အရေးကို ပယ်ချခဲ့ပါတယ်။

လမ်းပတ်က ပြီးခဲ့တဲ့ နွေရာသီက နောဝစ်ချ်အသင်းကို ကိုင်တွယ်ရန် ဆွေးနွေးမှုတွေ လုပ်ခဲ့သော်လည်း အဆုံးမှာ ဒင်းစမစ်ကို နည်းပြသစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဆက်စပ်သတင်းတွေအရ လာမယ့် ဖေဖော်ဝါရီ ၅ရက် အက်ဖ်အေဖလားအဖြစ် ဘရန့်ဖို့ဒ်နဲ့မကစားမီ အဲဗာတန်မန်နေဂျာ ဖရန့်လမ်းပတ် ဖြစ်လာနိုင်တယ်လို့ဆိုကြပါတယ်။

#အဲဗာတန် #လမ်းပတ်