ရှေ့သို့
Image

မိုရာတာ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရပြီးနောက် အူဘာမီယန်းဘက် မြားဦးလှည့်လာပြန်တဲ့ ဘာစီလိုနာ

12:58 PM, 28 January

ဘာစီလိုနာအသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး မိုရာကို ခေါ်ယူရေးကြိုးစားမှု အဆင်မပြေဖြစ်ခဲ့ရပြီးနောက် ယခုလအတွင်း အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။

အူဘာမီယန်းဟာ ဈေးကွက်ပိတ်မယ့် တနင်္လာနေ့မတိုင်ခင် အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး အာဆင်နယ်ကလည်း အူဘာမီယန်းရဲ့အပြောင်းအရွှေ့အတွက် ဘာစီလိုနာနဲ့ ဆီဗီလာအသင်းတို့ထံ ဆက်သွယ်ကမ်းလှမ်းခဲ့ပါတယ်။ ဆီဗီလာအသင်းက ယူနိုက်တက်တိုက်စစ်မှူး မာရှယ်ကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း အူဘာမီယန်းကို ဘာစီလိုနာအသင်း ခေါ်ယူနိုင်ဖို့ အခွင့်အရေးပိုများလာပေမယ့် ပီအက်စ်ဂျီ၊ အေစီမီလန်နဲ့ မာဆေးလ်တို့ကလည်း အူဘာမီယန်းကို ခေါ်ယူလိုနေတယ်လို့ သတင်းထွက်နေပါတယ်။

အူဘာမီယန်းဟာ ဒီဇင်ဘာလ ၇ ရက်နေ့ကတည်းက ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး စည်းကမ်းပိုင်းမလိုက်နာမှုကြောင့် အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံလိုက်ရသလို အသင်းမှာ ဆက်ကစားခွင့်ရဖို့လည်း မသေမချာဖြစ်နေပါတယ်။ အာဆင်နယ်ဟာ ဒူဘိုင်းမှာ ထရိန်နင်ဆင်းနေပေမယ့် အူဘာမီယန်းကတော့ အသင်းပြောင်းရွှေ့ခွင့်ရဖို့အတွက် လန်ဒန်မှာပဲ ကျန်နေရစ်ခဲ့ပြီး ကိုဗစ်ဖြစ်မှုကြောင့် အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲဝင် ဂါဘွန်အသင်းကနေ နုတ်ထွက်ခဲ့ရပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ကြိုးစားနေရပြီး အဆင့် ၄ နေရာက အက်သလက်နဲ့ ၁ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ သူတို့ဟာ ယခုရာသီမှာ ခြေစွမ်းတစ်သမတ်တည်းရဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံနောက်ဆုံး ၅ပွဲမှာ ၂ပွဲပဲအနိုင်ရထားပါတယ်။

#မိုရာတာ #အာဆင်နယ် #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #အူဘာမီယန်း