ရှေ့သို့
Image

နယူးကာဆယ်ကို ပြောင်းရွှေ့ခွင့်ပိတ်ပင်ခဲ့တာကြောင့် ယူနိုက်တက်ကို ဒေါသထွက်နေတဲ့ လင်ဂတ်

3:09 PM, 26 January

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဂျက်ဆီလင်ဂတ်ကတော့ နယူးကာဆယ်ကို ပြောင်းရွှေ့နိုင်ဖို့ နီးစပ်နေပေမယ့် ယူနိုက်တက်က ပိတ်ပင်ခဲ့တဲ့ အပေါ်စိတ်ပျက် ဒေါသထွက်နေတယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟာ ရာသီကုန်မှာ ပြောင်းရွှေ့ကြေးအလွတ် ကစားသမားတစ်ဦးဖြစ်တော့မှာဖြစ်လို့ ဒီဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ အသင်းကနေ ထွက်ခွာလိုနေပါတယ်။

လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီဝက်တုန်းက ဝက်စ်ဟမ်းကို အငှားထွက်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့လို့ အိုးလ်ထရက်ဖို့ဒ်ကို ပုံမှန်နေရာရနိုင်ဖို့ မျှော်လင့်ပြီး ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြအိုလီဂန်နာဆိုးလ်ရှားလက်အောက်မှာ ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိခဲ့ပဲ ပရီးမီးယားလိဂ်မှာ ၈၈ မိနစ်သာ ကစားခွင့် ရရှိထားပါသေးတယ်။

နည်းပြဆိုးလ်ရှားကို နိုဝင်ဘာလမှာ ထုတ်ပယ်ခဲ့ပေမယ့် ယာယီနည်းပြ ရာ့ဖ်ရန်နစ်လက်အောက်မှာလည်း အဓိကကစားသမားတစ်ဦး ဖြစ်မလာခဲ့ပဲ လူစားဝင်ကစားသမားအဖြစ်နဲ့ ၂ ပွဲသာ ပါဝင်ကစားခွင့် ရရှိထားပါသေးတယ်။ တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ နယူးကာဆယ်ကလည်း အသင်းကို ကစားသမားသစ်တွေ အင်အားဖြည့်တင်းနေရာမှာ ၂၉ နှစ်အရွယ် လင်ဂတ်ကိုလည်း အဓိကပစ်မှတ်စ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

ငှက်ကျားတွေဘက်က လင်ဂတ်အတွက် မြင့်မားတဲ့ ငှားရမ်းခကို ပေးချေဖို့ လက်ခံခဲ့သော်လည်း ယူနိုက်တက်ဘက်က လင်ဂတ်ကို အငှားချဖို့ အင်တင်တင်ဖြစ်နေခဲ့ပါတယ်။ တယ်လီဂရပ်ရဲ့ ဖော်ပြချက်အရ လင်ဂတ်ဟာ သူအနှစ်နှစ်ကျော်လောက် ကစားခဲ့တဲ့ ယူနိုက်တက်ကသူ့အပေါ်မှာ လေးစားမှုမရှိဘူးဆိုပြီး   ယူဆနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အစောပိုင်းကလည်း ထိပ်ဆုံးလေးသင်းထဲဝင်ဖို့ လိုအပ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝက်စ်ဟမ်း၊ တော့တင်ဟမ်တို့ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပါသေးတယ်။ အဲ့ဒီကတည်းက စိတ်ပျက်နေတဲ့ လင်ဂတ်ဟာ နယူးကာဆယ်ကို ပြောင်းဖို့တစ်ဖန် ကြိုးစားခဲ့ပြန်ပေမယ့် နယူးကာဆယ်ရဲ့ အဆင့်ရပ်တည်မှုက နိမ့်လွန်းတယ်ဆိုကာ တားဆီးခဲ့ပြန်ပါတယ်။ ဒါပေမယ့် လင်ဂတ်အနေနဲ့ သူ့ကိုအခုလို ပိတ်ပင်ပြီး ရာသီကုန်ထိ အရန်ခုံမှာပဲ ဆက်ထားမှာကိုလည်း စိုးရိမ်နေပါတယ်။

နယူးကာဆယ်ကတော့ လင်ဂတ်ကို ပေါင် ၆ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပြီး ယူနိုက်တက်မှာ ရရှိနေတဲ့ လစာကိုလည်း ပျော်ပျော်ကြီးပေးဖို့ အဆင်သင့်ရှိနေပါတယ်။ လင်ဂတ်ရဲ့ ကိုယ်စားလှယ်တွေကလည်း အိုးလ်ထရက်ဖို့ဒ်တာဝန်ရှိသူတွေဟာ စာချုပ်သစ်ချုပ်ဖို့ ငြင်းဆန်ခဲ့တဲ့ သူတို့ရဲ့ ကစားသမားကို အပြစ်ပေးတဲ့အနေနဲ့ ဘယ်အပြောင်းအရွှေ့ကိုမှ လက်မခံတာဖြစ်လိမ့်မယ်လို့ ယူဆလာကြပါတယ်။

ယူနိုက်တက်ဟာ လင်ဂတ်ကိုအသင်းမှာ ဆက်ထားဖို့ ကြိုးစားနေသော်လည်း အသင်းဖော် တိုက်စစ်မှူး အန်တိုနီမာရှယ်ကိုတော့ အငှားချဖို့ ခွင့်ပြုခဲ့ပြီး လာလီဂါကလပ် ဆီဗီလာမှာ ရာသီကုန်ထိ ကစားသွားမှာပဲ ဖြစ်ပါတယ်။ လင်ဂတ်ကလည်း လာမယ့်ကမ္ဘာ့ဖလားမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံချင်တာကြောင့် မာရှယ်နည်းတူ ပထမအသင်းမှာ နေရာရနိုင်မယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။

#မန်ချက်စတာယူနိုက်တက် #နယူးကာဆယ် #အပြောင်းအရွှေ့ #လင်ဂတ်