ရှေ့သို့
Image

အင်တာက စိတ်ဝင်စားနေတဲ့ တဲလက်စ်အတွက် အနည်းဆုံး ယူရို ၁၅ သန်းအလိုရှိနေတဲ့ ယူနိုက်တက်

11:49 AM, 26 January

လက်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ အင်တာမီလန်ဟာ မန်ချက်စတာယူနိုက်တက် ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး ယူရို ၁၅ သန်းခန့် ပေးချေနိုင်မယ်ဆိုရက် တဲလက်စ်ကို ခေါ်ယူနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဘရာဇီးသားဟာ မန်ချက်စတာယူနိုက်တက်ကို ၂၀၂၀ နွေရာသီကမှ ရောက်ရှိလာတာ ဖြစ်ပေမယ့် လုခ်ရှောရဲ့အရန်အဖြစ်သာ ကစားခွင့် ရရှိခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကလည်း ပြီးခဲ့တဲ့ ရာသီတုန်းက အထူးခြေစွမ်းပြသနိုင်ခဲ့တာကြောင့် တဲလက်စ်က ပွဲထွက်လူစာရင်းထဲမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီရာသီမှာတော့ ရှောရဲ့ခြေစွမ်းတွေ ကျဆင်းသွားခဲ့သလို ယာယီနည်းပြအဖြစ် ရာ့ဖ်ရန်နစ်ရောက်ရှိလာပြီးကတည်းက တဲလက်စ်က ဦးစားပေး ဘယ်နောက်ခံလူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ရှောကလည်း ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို၊ ဂျာမန်သားနည်းပြကြီးကလည်း ဘရာဇီးသားဘယ်နောက်ခံလူကို ယုံကြည်မှုအပြည့်အ၀ ပေးထားပါတယ်။

အံ့သြစရာကောင်းတာက ယူနိုက်တက်ဟာ လက်တလောမှာ တဲလက်စ်ကို အဓိကအားထားနေရပေမယ့် သတ်မှတ်တန်ကြေးနဲ့သာ ကမ်းလှမ်းခဲ့မယ်ဆိုရင် လက်ခံဆွေးနွေးဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။ ယူနိုက်တက်ဘက်က အငှားချဖို့ကို စိတ်မဝင်စားပဲ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ အပြီးသတ်ရောင်းချတာမျိုးပဲ ဆွေးနွေးလိုနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့ကလည်း မကြာမီ ပြီးဆုံးတော့မှာဖြစ်ပြီး အင်တာဘက်က မကြာခင်လှုပ်ရှားလာဖွယ်ရှိပါတယ်။

နည်းပြဆီမွန်နီအင်ဇာဂီလက်အောက်မှာ စီးရီးအေချန်ပီယံတွေဟာ ၃-၅-၂  ကစားကွက်ကို အသုံးပြုလျက်ရှိတာကြောင့် တိုက်စစ်အားသန် နောက်ခံအစွန်လူတွေ ရဲ့ စွမ်းဆောင်ရည်က အဓိကကျနေပါတယ်။ အထူးသဖြင့် လက်ရှိမှာအင်အားဖြည့်ဖို့ လိုအပ်နေတာကတော့ အိုင်ဗန်ပါရီဆစ် ကစားနေတဲ့ ဘယ်နောက်ခံလူနေရာပါပဲ။

ခရိုအေရှားလက်ရွေးစင်ဟာ ခံစစ်ကစားနိုင်စွမ်းမရှိပေမယ့် တိုက်စစ်ကို ပံ့ပိုးပေးရမှာတော့ အရမ်းကို ကောင်းသူပါ။ ဒါပေမယ့် ပါရီဆစ်ရဲ့အသက်က ၃၂ နှစ်ရှိပြီဖြစ်ပြီး လာမယ့်နွေရာသီဆိုရင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ခရိုအေရှားသားကြီးရဲ့နေရာကို အနှေးနဲ့အမြန် အစားထိုးဖို့ လိုအပ်နေပြီး တဲလက်စ်ကို ဒီနေရာအတွက် အဓိကပစ်မှတ်အဖြစ် စိတ်ဝင်စားလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟာ ပါရီဆစ်ထက်စာရင် ခံစစ်ပိုကစားနိုင်သူဖြစ်ပြီး တည်ကန်ဘောတွေ၊ ဖြတ်တင်ဘောတွေနဲ့လည်း ဂိုးတွေဖန်တီးပေးနိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘရာဇီးသားဟာ အင်တာနဲ့ ရင်းနှီးပြီးသားသူလည်း ဖြစ်ပါတယ်။ ၂၀၁၅-၁၆ ရာသီတုန်းက အင်တာကို အငှားလာကစားခဲ့ဖူးပြီး ၂၂ ပွဲ ကစားကာ ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

တကယ်လို့ တဲလက်စ်ကိုသာ ရောင်းထုတ်လိုက်မယ်ဆိုရင် ယူနိုက်တက်ရဲ့ ဘယ်နောက်ခံလူနေရာမှာ စီနီယာကစားသမားအဖြစ် အသက် ၂၆ နှစ်အရွယ် လုခ်ရှောတစ်ဦးတည်းသာ ကျန်တော့မှာဖြစ်ပါတယ်။ ရှောရဲ့ ခံစစ်ကစားပုံ ဆိုးရွားမှုကို နည်းပြရန်နစ်ကလည်း တော်တော်လေး စိတ်ပျက်နေတာကြောင့် မိုချန်ဂလာဘတ် လူငယ်ဘယ်နောက်ခံလူ လူကာနက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၁၈ နှစ်အရွယ် ကစားသမားလေးကို ဂလာဘတ်က ဇန်နဝါရီမှာ လက်လွှတ်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #အင်တာမီလန် #တဲလက်စ်