တံကောက်ကြောဒဏ်ရာရနေပေမဲ့ ကြံ့ခိုင်မှုအပေါ် အကောင်းမြင်နေတဲ့ ဘန်ဇီးမား
2:41 PM, 25 January
ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူး ဘန်ဇီးမားတစ်ယောက် အယ်ချီနဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာရခဲ့တဲ့အပေါ် စိုးရိမ်လျက် ရှိနေပေမဲ့ ကစားသမားကတော့ ကြံ့ခိုင်မှုအခြေအနေအပေါ် အကောင်းမြင်လျက် ရှိနေပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ခဲ့ပြီးနောက် ဘန်ဇီးမားဟာ တံကောက်ကြောကို ကိုင်ထားတာမြင်ရပြီး နာကျင်နေခဲ့ကာ ပွဲကို ဆက်ကစားနိုင်ခြင်း မရှိတော့ပါဘူး။
ယနေ့မှာတော့ MRI စစ်ဆေးမှု ခံယူသွးမှာ ဖြစ်ပြီး ဒဏ်ရာရဲ့ အတိမ်အနက်ကို မကြာခင် သိရှိသွားရဖို့ ရှိနေပါတယ်။ ဘန်ဇီမားကတော့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်လျက် ရှိနေပါတယ်။ ဘီလ်ဘာအိုနဲ့ ကိုပါဒယ်ရေးပွဲ မတိုင်ခင် လာလီဂါပွဲစဉ်တွေ မရှိတာကြောင့် ဘန်ဇီးမားအတွက်တော့ အနားယူချိန် ပိုရနေခဲ့ပါတယ်။
ဘန်ဇီးမားဟာ နည်းပြ အန်ဆယ်လော့တီ လက်ထက် ပွဲတိုင်းလိုလို ပါဝင်ကစားကာ အဓိက ကစားသမားအဖြစ် နေရာယူထားနိုင်ခဲ့ပါတယ်။ ရာသီဝက်မတိုင်ခင် ပြင်သစ်သားဟာ ပြိုင်ပွဲစုံ ၃၅ပွဲထိ ကစားပြီးပြီ ဖြစ်ပြီး ၂၈ပွဲက ရီးရဲလ်အတွက်၊ ၇ပွဲက ပြင်သစ်အတွက် ကစားပေးခဲ့တာပါ။ ပြဿနာကတော့ ဘန်ဇီးမားနေရာမှာ အစားထိုးနိုင်တဲ့ ကစားသမား မရှိတာကြောင့် ရီးရဲလ်အနေနဲ့ ပြင်သစ်သားကို ရာသီကုန်ထိ မှီခိုသွားရဖို့ ရှိနေခဲ့ပါတယ်။