ရှေ့သို့
Image

ယူနိုက်တက် ကွင်းလယ်လူ လင်ဂတ်လုပွဲထဲ နိုက်စ်လည်း ပါဝင်လာဟုဆို

10:00 AM, 25 January

သတင်းတွေရဲ့ဖော်ပြချက်အရ လီဂူး-၁ကလပ် နိုက်စ်အသင်းဟာ ယူနိုက်တက်ကွင်းလယ်လူ လင်ဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ အင်္ဂလန်နိုင်ငံသား လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းအသင်းထံ အငှားကစားကာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဒီရာသီ ယူနိုက်တက်မှာ ပွဲထွက်ခွင့်ထပ်မံဆုံးရှုံးနေရပြီး ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ယူနိုက်တက် အနေနဲ့ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးစေရေးအတွက် ယခုလအတွင်း အသင်းကနေ ထွက်ခွာခွင့်ပြုဖွယ်ရှိနေပါတယ်။

ယခုအခါ Foot Mercato သတင်းဌာနရဲ့ဖော်ပြချက်အရ လီဂူး-၁ မှာ အဆင့် ၂ နေရာရောက်နေတဲ့ နိုက်စ်အသင်းကလည်း လင်ဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဝက်စ်ဟမ်းနဲ့ နယူးကာဆယ်တို့အပါအဝင် အသင်းအများအပြားနဲ့ အားပြိုင်ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ နိုက်စ်အသင်းနည်းပြ ဂယ်လ်တီယာဟာ လွန်ခဲ့တဲ့တစ်နှစ်က ဝက်စ်ဟမ်းအသင်းထံ မပြောင်းရွှေ့ခင် လင်ဂတ်ထံ ဆက်သွယ်ချဉ်းကပ်ခဲ့ဖူးပြီး နယူးကာဆယ်ကလည်း လင်ဂတ်ကို အငှားနဲ့ခေါ်ယူဖို့ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

လင်ဂတ်က နယူးကာဆယ်ကို ပြောင်းရွှေ့လိုနေပေမယ့် အငှားနဲ့ပဲ ပြောင်းရွှေ့လိုနေရာ နယူးကာဆယ်အနေနဲ့ ငှားရမ်းခပေးချေရဖွယ်ရှိနေပါတယ်။ လင်ဂတ်ဟာ ယခုရာသီပရီးမီးယားလိဂ်မှာ ဦးစားပေးကစားသမားအဖြစ် တစ်ပွဲမှ ကစားခွင့်မရသေးရာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ ပြန်လည်ပါဝင်နိုင်ရေးအတွက် အသင်းပြောင်းရွှေ့ကစားလိုနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #နိုက်စ် #လင်ဂတ်