ရှေ့သို့
Image

အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ နည်းပြလေးဦးကို လျာထားတဲ့ ယူနိုက်တက်

8:31 PM, 24 January

မန်ချက်စတာယူနိုက်တက်အသင်ဟာ လာမယ့်ရာသီသစ်အတွက် အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ နည်းပြလေးဦးကို လျာထားလျက်ရှိတယ်လို့ သိရပါတယ်။ The Athletic ရဲ့ နာမည်ကျော်သတင်းထောက် ဒေးဗစ်အော်စတိန်းက ယူနိုက်တက်ဟာ စောင့်ကြည့်နေတဲ့ အမြဲတမ်းနည်းပြတွေထဲကမှ မော်ရီစီယိုပိုချက်တီနို၊ အဲရစ်တန်ဟတ်၊ လူးဝစ်အင်းနရစ်နဲ့ ဂျူလန်လိုပက်တီဂူတို့ ၄ ဦးကို ဆန်ခါတင် နည်းပြတွေအဖြစ် ရွေးထုတ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ 

လက်ရှိရွေးချယ်ထားတဲ့ နည်းပြလေးဦးစလုံးဟာ ဥရောပကလပ်အသင်းတွေနဲ့ အတွေ့အကြုံ အများအပြား ရှိထားပြီး ယူနိုက်တက်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဥရောပအတွေ့အကြုံများပြားတဲ့ နည်းပြမျိုးကို ခန့်အပ်နိုင်ဖို့ပဲ ဖြစ်တယ်လို့ သိရပါတယ်။ အမြဲတမ်းနည်းပြ ခန့်အပ်နိုင်ရေး လုပ်ငန်းစဉ်တွေကိုလည်း လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ စတင်လုပ်ဆောင်တော့မှာလည်း ဖြစ်ပါတယ်။ 

ပိုချက်တီနိုနဲ့ တန်ဟတ်တို့ကတော့ ယူနိုက်တက်နဲ့ အရင်ကတည်းက သတင်းထွက်ခဲ့တဲ့ နည်းပြတွေဖြစ်ပြီး နှစ်ဦးစလုံးက စိတ်ဝင်စားစရာ ရွေးချယ်မှုတွေလည်း ဖြစ်ပါတယ်။ အင်းနရစ်ကတော့ လက်ရှိစပိန် လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်ပြီး အသင်းကို ကာတာကမ္ဘာ့ဖလား ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။

၂၀၁၄-၁၅ ရာသီတုန်းကလည်း ဘာစီလိုနာအသင်းကို တစ်ရာသီအတွင်း ဆုဖလား ၅ လုံး ရယူပေးခဲ့ပြီး အဆိုပါအချိန်ကာလအတွင်း ဘာစီလိုနာရဲ့ အအောင်မြင်ဆုံး နည်းပြအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ နောက်တစ်ဦးဖြစ်တဲ့ လိုပက်တီဂူကတော့ လက်ရှိရာသီမှာ ဆီဗီလာနဲ့အတူ ရလဒ်ကောင်းတွေ ရယူလျက်ရှိပါတယ်။ 

သူ့ရဲ့အသင်းဟာ အမှတ်ပေးဇယားမှာလည်း အဆင့် ၂ နေရာကို ရောက်ရှိနေပြီး အဆင့် ၁ နေရာက ရီးရဲလ်မက်ဒရစ်နဲ့ ၄ မှတ်သာ ခြားပါတယ်။ ဆီဗီလာဟာ ၂၀၂၀ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ယူနိုက်တက်ကို အနိုင်ရရှိကာ ဖိုင်နယ်မှာပါ ဆက်လက်အနိုင်ရပြီး ယူရိုပါလိဂ်ဖလားကို ရရှိခဲ့ပါတယ်။ အင်းနရစ်ရော၊ လိုပက်တီဂူးရော ယာယီနည်းပြအဖြစ်နဲ့ ရာ့ဖ်ရန်နစ် မရောက်လာခင်ကတည်းက ယူနိုက်တက်နည်းပြ ရာထူးအတွက် သတင်းထွက်ခဲ့ကြသူတွေပါ။ 

လက်ရှိယူနိုက်တက်ရဲ့ လျာထားစာရင်းထဲမှာ ပါဝင်နေသူတွေ အားလုံးဟာ ဘောလုံးနဲ့ ပက်သက်တဲ့ အတွေးအခေါ်တွေမှာ ကျွမ်းကျင်အဆင့်တွေ ဖြစ်ကြောင်းကို ရလဒ်တွေနဲ့ သက်သေပြထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ လက်ရှိလူစာရင်းမှာတော့ အဆိုပါနည်းပြတွေရဲ့ နည်းစနစ်ပိုင်းတွေနဲ့ ကိုက်ညီတဲ့ ကစားသမားတွေ သိပ်မရှိတာကြောင့် လူစာရင်းကို မြေလှန်ပြောင်းလဲပစ်ဖို့တော့ လိုအပ်နေပါတယ်။ 

စိတ်ဝင်စားစရာကောင်းတာကတော့ လက်ရှိယူနိုက်တက်မှာ နေရာပျောက်နေတဲ့ ကစားသမားတွေဖြစ်ကြတဲ့ ဂျက်ဆီလင်ဂန်၊ အန်တိုနီမာရှယ်နဲ့ ဒွန်နီဗန်ဒီဘိခ်တို့ကို လာမယ့်ရာသီမှာ နည်းပြသစ်အနေနဲ့ ဘယ်လိုမျိုး အသုံးချမလဲဆိုတာကလည်း  စိတ်ဝင်စားစရာပါပဲ။ 

#မန်ချက်စတာယူနိုက်တက် #ပိုချက်တီနို #ရန်နစ်