ရှေ့သို့
Image

လီဗာပူးနဲ့ ပွဲမှာ ပင်နယ်တီ ပေးလိုက်ရမှုအပေါ် ပဲလေ့စ်နည်းပြ ဗီအဲရာ ပေါက်ကွဲနေ

1:22 PM, 24 January

ပဲလေ့စ်အသင်းနည်းပြ ပက်ထရစ်ဗီအဲရာက လီဗာပူးကို ၁-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းရဲ့ တိုက်ပွဲဝင်စိတ်ကို ရိုက်ချိုးလိုက်တဲ့ ပင်နယ်တီပေးမှုအတွက် ကွင်းလယ်ဒိုင်အနေနဲ့ ကြီးမားတဲ့ အမှားကျူးလွန်လိုက်တာပဲလို့ စွပ်စွဲလိုက်ပါတယ်။

လီဗာပူးဟာ အဝေးကွင်းမှာ ၁-၃ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ဂျိုတာကြောင့် ရရှိတဲ့ပင်နယ်တီမတိုင်ခင် အိမ်ရှင်အသင်းရဲ့ဖိအားပေးခြင်း ခံခဲ့ရပြီး ပင်နယ်တီဖြစ်ရပ်ကတော့ အငြင်းပွားဖွယ်ဖြစ်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင် ကီဗင်ဖရိုင်းက အစောပိုင်းမှာ ပွဲဆက်ကစားဖို့ အချက်ပြခဲ့ပေမယ့် စတုတ္ထဒိုင် ခရိတ်ပေါလ်ဆင်က VAR မော်နီတာကို ကြည့်ဖို့ အကြံပြုခဲ့ပြီးနောက် လီဗာပူးကို ပင်နယ်တီပေးလိုက်တာဖြစ်ပါတယ်။

''ကွင်းလယ်ဒိုင်ရဲ့ကြီးမားတဲ့အမှားပါပဲ။ ကျွန်တော်တို့အသင်းရဲ့ ချေပဂိုးသွင်းနိုင်ရေးမျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တာပါပဲ။ ဒီဆုံးဖြတ်ချက်က ကြီးကြီးမားမား သက်ရောက်မှုရှိခဲ့ပါတယ်။ ဒိုင်လူကြီးတွေက ဒီပွဲမှာ ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး။ အသင်းကြီးတွေနဲ့ကစားရတဲ့အိမ်ကွင်းပွဲတွေမှာဆို ဒီလိုပဲဖြစ်နေတတ်ပါတယ်။ သတင်းထောက်တွေလည်း အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ကျွန်တော့်ကို မေးမယ့်အစား ဒိုင်လူကြီးကိုပဲ သွားမေးသင့်ပါတယ်''လို့ ဗီအဲရာက ပြောပါတယ်။

ဆက်လက်ပြီး ဗီအဲရာက ''ဂျိုတာက သိပ်ကိုစမတ်ကျတဲ့ကစားသမားတစ်ယောက်ပါ။ ဘောလုံးပွဲတွေမှာကတော့ ထိတွေ့မှုက အဓိကကျပါတယ်။ ကျွန်တော်ကတော့ ဒီဆုံးဖြတ်ချက်အပေါ် သိပ်ကိုစိတ်ပျက်မိပါတယ်။ ကျွန်တော် ဒီဖြစ်ရပ်ကို ခဏခဏပြန်ကြည့်ဖြစ်တယ်။ ဘယ်လိုမှပင်နယ်တီမပေးသင့်တဲ့ဖြစ်ရပ်ပါ။ ကျွန်တော်တို့ဟာ ချေပဂိုးတစ်ဂိုးသွင်းအပြီးမှာ သရေကျဖို့ ကြိုးစားခဲ့ပေမယ့် ဒိုင်လူကြီးက ကျွန်တော်တု့ိရဲ့ခြေထောက်တွေကို ရိုက်ချိုးလိုက်ပါတယ်"လို့ ဆက်ပြောပါတယ်။

#လီဗာပူး #ခရစ္စတယ်ပဲလေ့စ် #ဗီအဲရာ