ရှေ့သို့
Image

လီဗိုင်းကြောင့် ကွန်တီ တော့တင်ဟမ်နေ ထွက်ခွာသွားနိုင်တယ်လို့ ပြောခဲ့တဲ့ ဂျေမီရက်ဒ်နက်ပ်

9:58 AM, 24 January

ဂျေမီရက်ဒ်နက်ပ်ကတော့ အပြောင်းအရွှေ့ ပိတ်ရက်နီးလာတာနဲ့အမျှ အသင်းရဲ့ ပံ့ပိုးမှုကို မရရှိတဲ့အတွက် သိပ်မကြာတော့တဲ့ အနာဂတ်မှာ နည်းပြအန်တိုနီယိုကွန်တီ တော့တင်ဟမ်ကနေ ထွက်ခွာသွားနိုင်တယ်လို့ ယုံကြည်လာပါတယ်။ နိုဝင်ဘာလကမှ ရောက်ရှိလာတဲ့ ကွန်တီဟာ မြောက်လန်ဒန်ကလပ်အတွက် သိသိသာသာ တိုးတက်မှုတွေကို ဆောင်ကျဉ်းလာခဲ့ပြီး ပရီးမီးယားမှာ ရမှတ် ၃၀ ရရနိုင်ရာမှာ ၂၁ မှတ်ရရှိဦးအောင် အသင်းကို ဦးဆောင်ပေးထားပါတယ်။

၂၀၁၈-၁၉ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ထိပ်ဆုံးလေးသင်းထဲ ဝင်အောင်လည်း စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဒီလအပြောင်းအရွှေ့ ကာလအတွင်းမှာတော့ တော့တင်ဟမ်ဟာ ကစားသမားအင်အား ဖြည့်တင်းလိုနေတဲ့ ကွန်တီအတွက် ကစားသမားတစ်ယောက်မှ မခေါ်ယူပေးသေးပါဘူး။ တနင်္ဂနွေညက ချဲလ်ဆီးအသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ကွန်တီလက်အောက် ပထမဆုံး လိဂ်ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီးနောက် ရက်ဒ်နက်ပ်က ဥက္ကဌဒန်နီရယ်လီဗိုင်းအနေနဲ့ နည်းပြကွန်တီအတွက် ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ လိုအပ်ကြောင်း ထောက်ပြခဲ့ပါတယ်။

ရက်ဒ်နက်ပ်က “သူကစားသမားတွေ လိုအပ်နေတယ်။ ကွန်တီနဲ့ လီဗိုင်းကြားမှာ လိုအပ်တဲ့ ကစားသမားတွေ ခေါ်ယူဖို့ သဘောတူညီမှုတစ်ခု လုပ်မှဖြစ်တော့မယ်။ ဒီနေရာမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီးပြီ။ အားလုံးမြင်နေရတဲ့အတိုင်းပဲ မန်ချက်စတာစီးတီး၊ လီဗာပူး၊ ချဲလ်ဆီးတို့နဲ့ ကြီးမားတဲ့ ကွာဟချက်ကြီးက ရှိနေတုန်းပဲ။ တော့တင်ဟမ်က ထိပ်ဆုံး ၄ သင်း ဝင်ဖို့ အရမ်းနီးစပ်နေပြီ၊ ဒီလိုနေရာမှာ တော်ရုံနည်းပြတစ်ယောက်က အဲ့ဒီလောက်ထိ လုပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် သူလိုအပ်တဲ့ ကစားသမားတွေကိုတော့ ထောက်ပံ့ပေးဖို့လိုပါတယ်။ ကစားသမား ၂ ယောက်ကနေ ၄ ယောက်လောက်ထိ လိုအပ်နေတဲ့ ကွန်တီအတွက် အပြောင်းအရွှေ့ကလည်း နောက် ၉ ရက်နေရင် ပိတ်တော့မယ်။ ဒန်နီရယ်လီဗိုင်းက အပြောင်းအရွှေ့တွေလုပ်ဖို့အတွက် တိုက်တွန်းရတာ အရမ်းလက်ပေါက်ကပ်တဲ့ လူစားပါ။ ကွန်တီလိုနည်းပြမျိုးကိုမှ မထောက်ပံ့ချင်ရင် အင်တာမီလန်ကိုပဲ နမူနာယူဖို့ ပြောချင်တယ်။ ခင်ဗျားသာ ကတိမတည်လို့ကတော့ ကွန်တီလည်း သိပ်မကြာခင် အသင်းကနေ နှုတ်ထွက်သွားလိမ့်မယ်။ အသင်းက တိုးတက်လာရဲ့သားနဲ့ နည်းပြကထွက်သွားရင် တော့တင်ဟမ်ပရိသတ်တွေလည်း စိတ်ပျက်ကြမှာအမှန်ပဲ။ အိမ်ကွင်းနဲ့ ထရိန်နင်ကွင်း ပြင်နေဆင်နေတာတွေ ထားလိုက်ပါဦး အခုချိန်မှာ အရေးကြီးတာ ကွန်တီလိုအပ်တဲ့ ကစားသမားတွေကို ခေါ်ပေးဖို့ပဲ ” ဆိုပြီး ပြောသွားခဲ့ပါတယ်။

တော့တင်ဟမ်ဟာ လက်တလောမှာ ဝုဗ်တောင်ပံကစားသမား အဒါမာထရာအိုရေးနဲ့ သတင်းတွေ ထွက်ပေးနေပြီး အပြောင်းအရွှေ့ မပိတ်မီ ခေါ်ယူနိုင်ဖို့ ပရိသတ်တွေကလည်း မျှော်လင့်နေကြပါတယ်။ တနင်္ဂနွေညက စတမ်းဖို့ဒ်ဘရစ်ဂျ်မှာ ရှုံးပွဲကြုံတွေ့ခဲ့သော်လည်း ကွန်တီရဲ့အသင်းဟာ ထိပ်ဆုံး ၄ သင်းနဲ့ ၂ မှတ်သာ ကွာဟပြီး လက်ရှိချန်ပီယံလိဂ် ဝင်ခွင့်ရဲ့ နောက်ဆုံးနေရာကိုတော့ မန်ချက်စတာယူနိုက်တက်က ရရှိထားပါတယ်။

#တော့တင်ဟမ် #ကွန်တီ #အပြောင်းအရွှေ့ #ရက်ပ်နက် #လီဗိုင်း