ရှေ့သို့
Image

ရက်ရှ်ဖို့ဒ်ကို အင်္ဂလန်မှာ အကောင်းဆုံး တိုက်စစ်မှူး၁ဦးအဖြစ် ရန်းနစ် ချီးကျူး

10:22 AM, 23 January

ယူနိုက်တက်နည်းပြ ရက်ဖ် ရန်းနစ်က ယမန်နေ့ည ဝက်စ်ဟမ်းနဲ့ပွဲစဉ် ပွဲပြီးခါနီးမှာ အနို်ငဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အမွှမ်းတင် ချီးကျူးသွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယခုနှစ်ရာသီ ရုန်းကန်နေရပြီး ၁၁ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ပြီးမှ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ ရက်ရှ်ဖို့ဒ်တစ်ယောက် ၁နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် လိဂ် ၂ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ရန်းနစ်က ၂၄နှစ်သားဟာ အကောင်းဆုံးပုံစံကို ပြသဖို့ အသင့်ဖြစ်နေလို့ ယူဆနေပါတယ်။ ရန်းနစ်က “မားကပ်စ်က အင်္ဂလန်မှာ အကောင်းဆုံး တိုက်စစ်မှူး၁ဦးဖြစ်ပြီး မော်ဒန်တိုက်စစ်မှူးတစ်ယောက်မှာ ရှိသင့်တဲ့ လျင်မြန်မှု၊ စကေး၊ ခန္ဓာကိုယ်အရွယ်အစား၊ ကြံ့ခိုင်မှုအားလုံး ရှိနေပါတယ်။ နောက်ဆုံးမှာ ဒါက ယုံကြည်မှုနဲ့ပဲ ဆိုင်ပြီး ဒီသွင်းဂိုး၂ဂိုးက သူ့ရဲ့ ယုံကြည်မှုကို မြင့်တက်လာမယ်ဆိုတာ သေချာပါတယ်”

“အခုတော့ သူ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကနေ ရှေ့ဆက်သွားဖို့ပဲ လိုပါတယ်။ သူ ရာသီကုန်ထိ အရေးပါတဲ့နေရာကနေ ပါဝင်သွားမယ်လို့ ထင်ပါတယ်” “ကျွန်တော်တို့ နောက်ဆုံးအချိန်ထိ ဂိုးသွင်းနိုင်မယ်လို့ မထင်ခဲ့ကြပေမဲ့ ကျွန်တော်တို့ ကမ္ဘာပေါ်က လူအားလုံးရဲ့ အထင်အမြင်တွေ လွဲသွားအောင် လုပ်ပြနိုင်ခဲ့ပြီး ခုနိုင်ပွဲကလည်း ထိုက်တန်ခဲ့ပါတယ်”

“ဖာဂီ time ဆိုတာ ဘယ်အချိန်လဲ ကျွန်တော်မသိပါဘူး။ ၅မိနစ်လား။ ကျွန်တော်ကတော့ ဘရန့်ဖို့ဒ်လို ပွဲမျိုးပဲ ကစားချင်ပေမဲ့ နောက်ဆုံးမိနစ်မှာ ဂိုးသွင်းလိုက်တော့ ပြိုင်ဘက်လည်း ဂိုးပြန်သွင်းချိန် မရတော့ပါဘူး”လို့ ဆိုခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ အနိုင်ဂိုးအပြင် ရန်းနစ်က ယူနိုက်တက်ခံစစ် တိုးတက်လာပုံကိုလည်း ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါသေးတယ်။

#မန်ချက်စတာယူနိုက်တက် #အင်္ဂလန် #ရက်ရှ်ဖို့ဒ် #ရန်းနစ်