ရှေ့သို့
Image

ဝက်စ်ဟမ်းကို အနိုင်ရခဲ့မဲ့ ယူနိုက်တက် ခြေစွမ်းက တိုးတက်ဖို့ လိုနေသေးကြောင်း ရန်းနစ်ဝန်ခံ

10:12 AM, 23 January

ယူနိုက်တက်ယာယီနည်းပြ ရက်ဖ် ရန်းနစ်ဟာ ယမန်နေ့ည ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ခံစစ်ပိုင်းအပေါ် ကျေနပ်နေပေမဲ့ ခြေစွမ်းကတော့ တိုးတက်ဖို့ လိုနေသေးကြောင်း ဝန်ခံခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ၃ရက်အတွင်း ၂ပွဲဆက်တိုက် အနိုင်ရခဲ့ကာ အဆင့်၄နေရာကို တက်လာနိုင်ခဲ့ပါတယ်။

ရန်းနစ်က နိုင်ပွဲနဲ့ ပတ်သက်ပြီး ကျေနပ်နေပေမဲ့ ပွဲကို ထိန်းချုပ်ရာမှာ ဒီထက်ပိုကောင်းအောင် ကစားနိုင်သင့်တယ်လို့ ထင်မြင်နေခဲ့ပါတယ်။ ရန်းနက်စ်က “ဒီပွဲမှာ ဝက်စ်ဟမ်းဘက်ကို အခွင့်အရေး အများကြီး မပေးခဲ့တာကြောင့် အလုံးစုံ ထိန်းချုပ်နိုင်တယ်လို့ ပြောနိုင်ပါတယ်။ သူတို့နဲ့ ကစားရတာ ကြံ့ခိုင်မှု အသားပေးအသင်း ဖြစ်တာကြောင့် လွယ်ကူမှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောခဲ့ပါတယ်”

“ဒါပေမဲ့ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု ရထားတဲ့အချိန် ကစားပုံကိုတော့ ကျေနပ်ခြင်း မရှိသေးပဲ လာမယ့် အပတ်တွေကျရင်တော့ နောက်တစ်ဆင့်အနေနဲ့ အဲ့ဒီအဖြေကို ရှာနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။ အလားတူ ရန်းနစ်က ယူနိုက်တက်အနေနဲ့ final Thirdထဲ ဘောလုံး ပေးရာမှာ စိတ်ရှည်ဖို့ လိုတယ်လို့လည်း ဆိုခဲ့ပါတယ်။

ရန်းနစ်က “ကျွန်တော်တို့ final thirdထဲ ရောက်တဲ့အချိန် အကောင်းဆုံးအဖြေကို မရှာနိုင်သေးပါဘူး။ လက်ကျန် မိနစ်၂၀မှာ ဂိုးမဖြစ်နိုင်တဲ့ ကန်ချက်တွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ အများကြီး စိတ်ရှည်ခဲ့သင်ပေမဲ့ နောက်ဆုံးမှာ ၃မှတ်ရခဲ့လို့ ကျေနပ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ခံစစ်ပိုင်းနဲ့ ပတ်သက်ပြီး ရန်းနစ်က “ကျွန်တော်တို့ ပြိုင်ဘက်ကို အခွင့်အရေး အများကြီး မပေးခဲ့ပါဘူး။ သူတို့ ပွဲချိန် ၅မိနစ် ထောင့်ကန်ဘောကနေ အခွင့်အရေးကောင်း၁ကြိမ်လောက်ပဲ ရခဲ့တာ မြင်ရပါတယ်။ ဒါပေမဲ့  ပုံမှန် ကစားချိန်နဲ့ ထိုးဖောက်ချိန်တွေမှာ ကျန်တာ မမြင်ရပါဘူး”လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဝက်စ်ဟမ်း #ရန်းနစ်