ရှေ့သို့
Image

ဥရောပအသင်းကြီးတွေရဲ့ ပစ်မှတ် အယ်ဗာရက်ဇ်ကို ပေါင် ၁၅သန်းနဲ့ ခေါ်ယူဖို့ မန်စီးတီး သဘောတူညီမှုရရှိ

10:44 AM, 22 January

မန်စီးတီးအသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူး ဂျူလီယံ အယ်ဗာရက်ဇ်ကို ရေးဗားပလိတ်ကနေ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ အာဂျင်တီးနားက သတင်းတွေအရ မန်စီးတီးဟာ ၂၁နှစ်သားကို ခေါ်ယူဖို့ ပေါင် ၁၅သန်း သုံးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ နိုဝင်ဘာလက ရေးဗားပလိတ်ကို ၇နှစ်အတွင်း ပထမဆုံး အာဂျင်တီးနားလိဂ်ဖလား ရယူပေးခဲ့တဲ့ အယ်ဗာရက်ဇ်ဟာ စီးတီးကို ချက်ချင်းပြောင်းဦးမှာ မဟုတ်ပဲ နွေရာသီမှ ပြောင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။ အာဂျင်တီးနားသတင်းစာ Oleရဲ့ ဖော်ပြချက်အရ မန်စီးတီးဟာ ရေးဗားပလိတ်ကို ပေါင် ၁၅သန်းပေးဖို့ သဘောတူထားပေမဲ့ အယ်ဗာရက်ဇ်တစ်ယောက် အစောဆုံး ဇွန်လထိ အာဂျင်တီးနားမှာပဲ  ရှိနေမယ်လို့ ဆိုထားပါတယ်။

အယ်ဗာရက်ဇ်အနေနဲ့ ၂၀၂၂ခုနှစ် တစ်နေရာသီလုံးတောင် ရေးဗားပလိတ်မှာ ဆက်နေနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေပြီး အသင်းနဲ့အတူ ကိုပါလေဘာတေးဒိုဖလား၊ အာဂျင်တီးနားနဲ့သက်ဆိုင်တဲ့ ချန်ပီယံလိဂ်တို့မှာ ကစားပေးချင်သေးတယ်လို့ ဆိုထားပါတယ်။ အယ်ဗာရက်ဇ်ဟာ ယမန်နှစ်ရာသီက ရေးဗားပလိတ်အတွက် ၁၈ဂိုးသွင်းကာ လိဂ်မှာ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့သလို အသင်းကိုလည်း ၂၀၁၄ခုနှစ်နောက်ပိုင်း ပထမဆုံး လိဂ်ဖလားယူပေးခဲ့ပါတယ်။

အယ်ဗာရက်ဇ်ဟာ ကိုပါအမေရိကဖလား ဆွတ်ခူးခဲ့တဲ့ အာဂျင်တီးနားအသင်းမှာလည်း ပါဝင်ခဲ့ပေမဲ့ ပွဲကစားခွင့်ကတော့ အကန့်အသတ် ရှိခဲ့ပါတယ်။ အဆိုပါ စွမ်းဆောင်ရည်ကောင်းတွေကြောင့် အင်တာမီလန်၊ ယူနိုက်တက်တို့လို အသင်းကြီးတွေက စိတ်ဝင်စားခဲ့ကြပေမဲ့ မန်စီးတီးက လက်ဦးမှု ရယူကာ ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဖာရန်တောရက်စ်ကို ဘာစီလိုနာထံ ရောင်းချလိုက်ပြီးနောက် တိုက်စစ်ကစားသမား၁ဦး ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်မှာ ဖာရန်တောရက်စ်နဲ့ အသက်အရွယ်ချင်းတူတဲ့ အယ်ဗာရက်ဇ်အတွက် ငွေကြေး အနည်းငယ် အသုံးပြုခဲ့တယ်လို့ ယုံကြည်ရပါတယ်။

#မန်စီးတီး #အာဂျင်တီးနား #အပြောင်းအရွှေ့ #ဂျူလီယန်အယ်ဗာရက်ဇ်