ရှေ့သို့
Image

အဆုတ်ရောဂါကြောင့် မီလန်ဆေးရုံမှာ ကုသမှုခံယူနေရတဲ့ နာမည်ကျော်အေးဂျင့် ရွိုင်းအိုလာ

2:28 PM, 21 January

ဂျာမန်သတင်းဌာန BILD ရဲ့ဖော်ပြချက်အရ နာမည်ကျော်အေးဂျင့် ရွိုင်းအိုလာဟာ အဆုတ်ရောဂါကြောင့် မီလန်ဆေးရုံ ဆန်ရာဖေးလီမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ အသက် ၅၄ နှစ်သားဟာ ဇန်နဝါရီလ ၁၂ ရက်နေ့ကတည်းက ဆေးရုံတက်နေရတာဖြစ်ကာ အရေးပေါ်ခွဲစိတ်ခဲ့ရတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ထုတ်ပြန်ချက်မှာတော့ သူ့ရဲ့ကိုယ်ရေးအရာရှိက အရေးပေါ်ခွဲစိတ်မှုမဟုတ်ပဲ လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုသာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ရွိုင်းအိုလာဟာ နာမည်ကျော်အေးဂျင့်တစ်ဦးဖြစ်ပြီး မီလန်တိုက်စစ်မှူး မိုဗစ် ၊ ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာ ၊ ဂျူဗင်တပ်စ်နောက်ခံလူ ဒီလစ်ဂျ် နဲ့ ယူနိုက်တက်နောက်ခံလူ ပေါလ်ပေါ့ဂ်ဘာတို့ကို အေးဂျင့်အဖြစ် ဆောင်ရွက်နေပါတယ်။

သူဟာ အပြောင်းအရွှေ့ဈေးကွက်ရဲ့ခေါင်းကြီးပိုင်းမှာ ပုံမှန်ဖော်ပြခံနေရပြီး သူ့ရဲ့ကစားသမားတွေဖြစ်တဲ့ ပေါ့ဂ်ဘာ နဲ့ ဟာလန်းတို့ကလည်း အပြောင်းအရွှေ့အတွက် သတင်းတွေကြီးနေကြတဲ့ ကစားသမားတွေဖြစ်ပါတယ်။ ရွိုင်းအိုလာဟာ အီတလီမှာ မွေးဖွားခဲ့သူဖြစ်ပြီး ကလေးဘဝတုန်းက နယ်သာလန်ကိုပြောင်းရွှေ့ခဲ့ကာ ဘောလုံးလောကမှာ စကားပြန်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

#ရွိုင်းအိုလာ