ရှေ့သို့
Image

အာဆင်နယ်က ဆုဖလား စိန်ခေါ်နိုင်ဖို့ ခြေစွမ်းအကွာကြီးလိုသေးတယ်လို့ ခရစ္စဆတ်တန် သတိပေး

12:59 PM, 21 January

ခရစ္စ ဆတ်တန်က အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းအဖြစ် ယှဉ်ပြိုင်နိုင်ဖို့ ခြေစွမ်းအကွာကြီး လိုသေးကြောင်း ယမန်နေ့ည လီဗာပူးနဲ့ ကာရာဘောင်ပွဲအပြီး ပြောခဲ့ပါတယ်။ ပထမအကျော့ အန်ဖီးလ်မှာ ဂိုးမရှိ သရေကစားနိုင်ခဲ့ပေမဲ့ အာဆင်နယ်ဟာ ယမန်နေ့ညက ဂျိုတာရဲ့ သွင်းဂိုး၂ဂိုးကြောင့် ရှုံးနိမ့်ခဲ့ကာ ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။

အက်ဖ်အေဖလားမှာလည်း နော်တင်ဟမ်ဖောရက်စ်ကို ရှုံးပြီး ထွက်ခဲ့ရတဲ့ အာဆင်နယ်တို့ ဆုဖလားပြိုင်ပွဲအားလုံးကနေ ထွက်ခဲ့ရပြီဖြစ်ကာ ဥရောပဝင်ခွင့်မျှော်လင့်ချက်သာ ကျန်ပါတော့တယ်။အာဆင်နယ်အသင်းဟာ ယခုနှစ်ရာသီ ဆာကာ၊ စမစ်ရို၊ မာတင်နယ်လီတို့လို လူငယ်တွေနဲ့ ခြေစွမ်းပြနေကာ လက်ရှိ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ခြိမ်းခြောက်နေခဲ့ပါတယ်။ ဒါပေမဲ ဆတ်တန်က ယခုအချိန်မှာတော့ အာဆငနယ်ရဲ့ အဓိက ရည်မှန်းချက်က ထိပ်သီး၄သင်းထဲ ဝင်ဖို့ဖြစ်သွားပြီး နည်းပြ အာတီတာအတွက် ဖိအားတွေ ပိုများလာပြီလို့ သုံးသပ်ခဲ့ပါတယ်။

ဆတ်တန်က “ကျွန်တော် ဒီကွင်းကို အရင်ကလည်း ရောက်ဖူးပြီး အဲ့ဒီအချိန်က အားပေးမှုတွေက toxicများခဲ့ပါတယ်။ သူတို့ အသင်းကို အားပေးနေပေမဲ့ အာဆင်နယ်က ဖလားပြိုင်ပွဲအားလုံးကနေ ဖေဖော်ဝါရီ မတိုင်ခင် ထွက်ရပြီဆိုတာကတော့ ရှောင်လွှဲလို့မရတဲ့အချက် ဖြစ်နေပါတယ်။ လီဗာပူးက အာဆင်နယ်ကို ချာတိတ်တွေလို ထင်မှတ်ပြီး ကစားသွားတယ်လို့ ထင်ပါတယ်”

“သူတို့ ခေါ်ယူမှုတွေကြောင့် ဆုဖလားတွေ စိန်ခေါ်နိုင်ပြီလို့ ထင်ခဲ့ပေမဲ့ သူတို့အဆင့်က အဲ့ဒါနဲ့ အဝေးကြီး လိုပါသေးတယ်။ သူတို့ အများကြီး ကြိုးစားရပါဦးမယ်။ အာတီတာအတွက် ငွေတွေသုံးပြီး ထောက်ပံ့ပေးထားတာကြောင့် လက်ကျန်ရာသီဝက်က သူ့အတွက် အရမ်းအရေးပါသွားပါပြီ။ သူတို့ ချန်ပီယံလိဂ်မဝင်ရင် အာတီတာအတွက် ဖိအားတွေ ကျိန်းသေပေါက် များလာမှာပါ”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ကာရာဘောင်ဖလားမရတာ ၂၉နှစ်ရှိပြီဖြစ်ပြီး ယခုနှစ် ဗိုလ်လုပွဲမှာ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမယ်လို့ မျှော်လင့်ချက် အကြီးကြီးတွေ ရှိခဲ့ကြပါတယ်။ လီဗာပူးကွင်းလယ်လူဟောင်း ဟတ်ချင်ဆန်က လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ထိပ်တန်းကစားသမားတွေကို ဆွဲဆောင်နိုင်ဖို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရန် လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

#လီဗာပူး #အာဆင်နယ် #ဂျိုတာ #ခရစ္စဆက်တန်