၁ ယောက်လျော့ အနေအထားနဲ့ အယ်လ်ချီကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို ရီးရဲလ်တက်ရောက်
9:59 AM, 21 January
၁ ယောက်လျော့ ရီးရဲလ်အသင်းဟာ အယ်လ်ချီကို အချိန်ပိုမိနစ်သွင်းဂိုးနဲ့ အနိုင်ယူပြီး ကိုပါဒယ်ရေး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ပွဲကစားချိန်မိနစ် ၉၀ အတွင်း သရေကျနေခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပြီး မာဆယ်လိုတစ်ယောက် မိုရန်တီကို ကစားပုံကြမ်းတမ်းခဲ့တာကြောင့် အထုတ်ခံရချိန်မှာ အယ်လ်ချီက ဖရီးကစ်ကနေ ဦးဆောင်ဂိုးရယူခဲ့တာဖြစ်ပါတယ်။
အတွေ့အကြုံရင့်နောက်ခံလူ ဗာဒူက ဖရီးကစ်ကန်ခဲ့ပေမယ့် ရီးရဲလ်နောက်တန်းနဲ့ထိခဲ့တာကြောင့် ဒုတိယအကြိမ် ကန်ခဲ့ရာမှာ ဂိုးဝင်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ဆီဘယ်လော့စ်ကန်ချက် အစ္စကိုနဲ့ထိပြီး ဂိုးဝင်ခဲ့တာကြောင့် ချေပဂိုးပြန်လည် ရရှိခဲ့ပါတယ်။ အနိုင်ဂိုးကိုတော့ လူစားဝင်ကစားသမား ဟာဇက်က အလာဘာရဲ့ပေးပို့မှုကနေ ဂိုးသမားကိုပါ လိမ်ပြီး သွင်းယူပေးခဲ့ပါတယ်။
ရီးရဲလ်ဟာ မကြာသေးခင်တုန်းက စပိန်စူပါဖလားကို ရယူထားနိုင်ခဲ့သလို အခုလည်း ကိုပါဒယ်ရေးမှာ နောက်တစ်ဆင့်တက်ခဲ့တာကြောင့် ဆုဖလားအားလုံးမျှော်လင့်နိုင်တာဖြစ်ပါတယ်။ အန်ဆယ်လော့တီကတော့ စပိန်စူပါဖလားအတွက် ဆော်ဒီကို သွားကန်ပြီးနောက် ပွဲစဉ်ဇယားရေးဆွဲမှုကို တုံ့ပြန်ခဲ့ပါတယ်။
"ကျွန်တော့်ကို ဘာပြောဖို့ အလိုရှိတာပါလဲ။ ဒီပွဲစဉ်ဇယားက အဓိပ္ပာယ်မရှိပါဘူး။ အဲ့တာက ပြောင်းကို ပြောင်းသင့်တာပါ။ ပွဲစဉ်ဇယားကို မျှတအောင်လုပ်မယ်လို့ မျှော်လင့်မိပါတယ်"လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။