ရှေ့သို့
Image

ကွာတားမှာ အင်တာနဲ့ ရင်ဆိုင်ဖို့ လက်ချီကို ဂိုးပြတ်နိုင်ပွဲနဲ့ ကျော်ဖြတ်ခဲ့တဲ့ ရိုးမား

9:16 AM, 21 January

ရိုးမားအသင်းဟာ ကိုပါအီတာလီယာဖလား ၁၆သင်း အဆင့်မှာ စီးရီးဘီကလပ် လက်ချီကို နောက်ကနေ လိုက်ကစားကာ ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်မှာ မော်ရင်ဟိုရဲ့ အသင်းဟောင်း အင်တာမီလန်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

အီတလီမှာ အထူးခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အေဘရာဟမ် ဒီပွဲမှာလည်း တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးနဲ့ ဆက်လက်အစွမ်းပြသွားပြီး ၁၆သင်း အဆင့်ရောက်အသင်းတွေအနက် တစ်သင်းတည်းသော စီးရီးအေပြင်ပ အသင်းဖြစ်တဲ့ လက်ချီက ပွဲချိန် ၁၅ မိနစ်မှာ ကာလာဘရီဆီရဲ့ဂိုးနဲ့အတူ အံ့အားသင့်ဖွယ် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပထမပိုင်းပြီးဖို့ ၅မိနစ်အလိုမှာ ထောင့်ကန်ဘောကနေ အေဘရာဟမ် ခေါင်းတိုက်ချပေးတာကို နောက်ခံလူ ကမ်ဘူလာက ထပ်ဆင့်ခေါင်းတိုက်ကာ ချေပဂိုးသွင်းယူခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာ ဧရိယာထိပ်ကနေ အေဘရာဟမ်က အပြင်းကန်သွင်းကာ ဒုတိယမြောက်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လက်ချီ ကွင်းလယ်လူ ဂါဂီယူလို ပွဲချိန် ၆၂ မိနစ်မှာ ၂ဝါ၊ ၁နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ပွဲချိန် ၈၂ မိနစ်မှာ ရှိုမူရိုဒေါ့ဗ်က မစ်ခီတာယန်ရဲ့ပေးပို့မှုကနေ ရိုးမားအတွက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ရိုးမားနည်းပြမော်ရင်ဟိုဟာ ၁၆သင်း အဆင့်မှာ မထင်မှတ်တဲ့ရလဒ်တွေ ထွက်ပေါ်နေလို့ ဒီပွဲမှာ တောင့်တင်းတဲ့ လူစာရင်းထုတ်ခဲ့ပြီး အင်တာမီလန်ကလည်း အမ်ပိုလီကို အချိန်ပိုရောက်မှ အနိုင်ဂိုး သွင်းယူခဲ့တာဖြစ်သလို နာပိုလီကလည်း အိမ်ကွင်းမှာပဲ ဖီအိုရင်တီးနားကို အရေးနိမ့်ခဲ့ရပါတယ်။

#ရိုးမား #ကိုပါအီတာလီယာဖလား #အင်တာမီလန် #မော်ရင်ဟို #အေဘရာဟမ်