ရှေ့သို့
Image

လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရရင် ယူနိုက်တက်က ထွက်ခွာဖွယ် ရှိနေတဲ့ ရော်နယ်ဒို

1:04 PM, 20 January

ခရစ္စတီယာနို ရော်နယ်ဒိုဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရရင် ယူနိုက်တက်က ထွက်ခွာဖွယ် ရှိနေကြောင်း သိရပါတယ်။ The Sunရဲ့ ဖော်ပြချက်အရ လာမယ့်လ ယူနိုက်တက်အမှုဆောင်ချုပ် ဖြစ်လာတော့မယ့် ရစ်ချက် အာနိုးလ်နဲ့ ရော်နယ်ဒိုရဲ့ ကိုယ်စားလှယ်ကြား ဆွေးနွေးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ရော်နယ်ဒိုရဲ့ ကိုယ်စားလှယ်ဟာ လက်ရှိ အဆင့်၇နေရာမှာသာ ရှိနေတဲ့ ယူနိုက်တက် သွားနေတဲ့ လမ်းကြောင်းအပေါ် စိုးရိမ်လျက် ရှိနေပါတယ်။

လာမယ့်လ ၃၇နှစ်ပြည့်တော့မယ့် ရော်နယ်ဒိုဟာ အသက်၄၀အထိ ကစားချင်ကြောင်း ပြောထားပေမဲ့ ကစားသမားဘ၀ကို အောင်မြင်သူတစ်ဦးအဖြစ် ကုန်ဆုံးချင်နေပြီး လက်ရှိ ယူနိုက်တက်က အောင်မြင်မှုရဖို့ အခွင့်အရေး အနည်းငယ်သာ ရှိနေခဲ့ပါတယ်။ ပေါ်တူဂီသားဟာ ယူနိုက်တက်က ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်တဲ့အတွက် အသင်းဟောင်းကို ၂နှစ်စာချုပ်နဲ့ ပြန်လာခဲ့ပါတယ်။

ဒါပေမဲ့ အသင်းကို ပြန်ရောက်လာချိန် အိပ်မက်ဆိုးတွေနဲ့  ကြုံနေရပြီး ယူနိုက်တက်က ယူရိုပါကွန်းဖရင့်လိဂ်ရနိုင်မယ့် နေရာမှာသာ ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က အင်တာဗျူးတစ်ခုမှာ ရော်နယ်ဒိုက အသင်းရဲ့ အားထုတ်ပုံအပေါ် ဝေဖန်ခဲ့သလို လူငယ်အချို့ကလည်း သူ့လို အတွေ့အကြုံရင့် ကစားသမားတွေထံကနေ အကြံဉာဏ်တွေကို နားထောင်ခြင်းမရှိဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

အလားတူ ယမန်နေ့ ဘရန့်ဖို့ဒ်ကို ၃-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း မနစ်၇၀မှာတင် မက်ဂွါရီနဲ့ လူစားလဲခံခဲ့ရတဲ့အတွက် ကွင်းဘေးမှာ ပေါက်ကွဲပြခဲ့ပါတယ်။ ဆိုးလ်ရှား ထွက်သွားပေမဲ့ နည်းပြသစ် ရန်းနစ်ဟာ အသင်းကို စုစည်းနိုင်ခြင်း မရှိသေးပဲ ရလဒ်ကောင်းလာအောင် ပြန်ကြိုးစားနေတဲ့အချိန်မှာသာ ရှိနေပါသေးတယ်။

#မန်ချက်စတာယူနိုက်တက် #အာနိုးလ် #ရော်နယ်ဒို #ချန်ပီယံလိဂ် #ရန်းနစ်