ရှေ့သို့
Image

ယူနိုက်တက်ထံ ပြင်းထန်တဲ့ စိတ်ဓာတ်ပိုင်း ပြန်လည်ယူဆောင်လာပေးတဲ့ ရန်နစ်ကို အီလန်ဂါ ချီးကျူး

10:02 AM, 20 January

အန်တိုနီ အီလန်ဂါက ယူနိုက်တက်အသင်းထံ ပြင်းပြတဲ့ စိတ်ဓာတ်ပိုင်း ပြန်လည် ယူဆောင်လာပေးတဲ့ နည်းပြ ရက်ဖ်ရန်နစ်ကို ချီးကျူးသွားခဲ့ပါတယ်။ အီလန်ဂါဟာ ယမန်နေ့ ဘရန့်ဖို့ဒ်ကို ၃-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

လေ့ကျင့်ရေးကွင်းမှာ ပြင်းထန်စွာ ကြိုးစားတာကြောင့် နည်းပြရဲ့ ချီးကျူးခံနေရတဲ့ အီလန်ဂါက ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ တွဲကစားရတာကလည်း ဂုဏ်ယူစရာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အီလန်ဂါက “ပထမ ဘောလုံးထိန်းသိမ်းပုံက အသက်ဖြစ်ခဲ့ပါတယ်။ ဂိုးသမား လာနေပြီဆိုတာ သိတာကြောင့် ကျွန်တော် ခေါ့င်းတိုက်သွင်းလိုက်ပါတယ်။ ကျွန်တော် အလုပ်ဆက်ကြိုးစားပြီး ဂိုးတွေရယူချင်ပါတယ်။ ကျွန်တော် နည်းပြကို အများကြီး အသိအမှတ်ပြုပါတယ်။ ကျွန်တော် လေ့ကျင့်ရေးကွင်းက ပြင်းပြတဲ့ စိတ်ဓာတ်ပိုင်းကို မြင်ခဲ့ပြီး အဲ့ဒါကို အကောင်းဆုံး အသုံးချနိုင်ရင် ထိုက်တန်တဲ့ ရလဒ်ကို ရမှာပါ”လို့ ပြောခဲ့ပါတယ်။

အီလန်ဂါက ယူနိုက်တက်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပေမဲ့ ယမန်နေ့ည အကောင်းဆုံး ကစားသမားကတော့ ဘရန့်ဖို့ဒ်ရဲ့ ပထမပိုင်းအတွင်း အကောင်းဆုံးအခွင့်အရေး အများအပြားကို တားဆီးခဲ့တဲ့ ဂိုးသမား ဒီဂီယာပဲ ဖြစ်ပါတယ်။ ဒီဂီယာရဲ့ စွမ်းဆောင်ရည်အကြောင်း မေးမြန်းရာမှာ အီလန်ဂါက “ဒေးဗစ်က အသင်းကို ကယ်တင်သူပါ။ သူက အကောင်းဆုံး ဂိုးသမား၁ဦးဖြစ်ပြီး သူခု လုပ်ပြနေတာကို အမြဲတမ်း လုပ်နိုင်စေချင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ တွဲကစားရခြင်းအပေါ် အီလန်ဂါက “ဂရင်းဝုဒ်နဲ့ တွဲကစားရခြင်းက ပျော်စရာကောင်းပြီး ခရစ္စတီယာနို ရော်နယ်ဒိုလို ကြီးကျယ်တဲ့ ကစားသမားနဲ့ အတူ တွဲကစားရတာ တကယ် ဂုဏ်ယူစရာ ကောင်းပါတယ်”လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်တို့ အဆိုပါ ပွဲစဉ်မှာ နိုင်ခဲ့ပေမဲ့ ပရီးမီးယားလိဂ် အဆင့်၇နေရာမှာသာ ရှိနေဆဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘရန့်ဖို့ဒ် #အီလန်ဂါ #ရန်နစ်