ရှေ့သို့
Image

၁၁ နှစ်အရွယ်နဲ့တင် ခြေစွမ်းပြနိုင်ခဲ့လို့ မန်စီးတီးကို ရောက်လုနီးပါးဖြစ်ခဲ့တဲ့ အီလန်ဂါ

2:54 PM, 19 January

ဒီရာသီ နည်းပြရန်နစ်လက်ထက်မှာ တောက်ပလာတဲ့ ယူနိုက်တက်လူငယ် ကစားသမားတစ်ဦးကတော့ တောင်ပံကစားသမား အန်တိုနီအီလန်ဂါပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အကယ်ဒမီကို မရောက်မီ ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးကိုရောက်ဖို့ နီးစပ်ခဲ့ဖူးပါတယ်။

၁၉ နှစ်အရွယ်တိုက်စစ်ကစားသမားလေးဟာ ဒီထဲမှာပဲ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက် စီနီယာကြယ်ပွင့်တွေကို ကျော်ဖြတ်ကာ ပွဲထွက်လူစာရင်းထဲ ပါဝင်လာခဲ့ပါတယ်။ အက်စတွန်ဗီလာနဲ့ ၂-၂ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဒီရာသီပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ရရှိခဲ့ပြီးနောက် ရန်နစ်က “သူကထရိန်နင်မှာ တော်တော်လေး ကောင်းခဲ့လို့ ပွဲထွက်စာရင်းထဲ ထည့်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော်မျှော်လင့်ထားသလိုလည်း သူစွမ်းဆောင်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

အီလန်ဂါဟာ မန်ချက်စတာမြို့က ဘောလုံးသင်တန်းကျောင်းအသင်းဖြစ်တဲ့ ဟတ်တာစလေအသင်းမှာ လူငယ်ကစားသမားဘ၀ စတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ မှာ ဆွီဒင်ကနေ မန်ချက်စတာကို မိခင်ဒန်နီရယ်လာရယ် အစ်မနှစ်ယောက်ဖြစ်တဲ့ ဆန်ဒရာ၊ ချန်နယ်လီတို့ရယ်နဲ့အတူ အသက် ၁၁ နှစ်အရွယ်မှာ ပြောင်းရွှေ့လာခဲ့ပြီး အဆိုပါအသင်းမှာ တန်းအရွေးခံခဲ့ရပါတယ်။

အဲ့ဒီအချိန်တုန်းက ဟတ်တာစလေရဲ့အကြီးအကဲတစ်ဦးဖြစ်တဲ့ နည်းပြအီယန်ဖော်ဒါက “အန်တိုနီက ကျွန်တော်တို့နဲ့ အိမ်နီးချင်းကလပ်တစ်ခုဖြစ်တဲ့ ဟိုက်ဒီယူနိုက်တက်ကို လာလျှောက်တာပါ။ သူ့အမေနဲ့သူနဲ့ လမ်းပျောက်နေတုန်း ကျွန်တော်နဲ့တွေ့ခဲ့ပါတယ်။ ကျွန်တော်လည်း ဘာကူညီရမလဲဆိုပြီး သွားမေးတော့ ကျွန်တော့်ကို သူက ဟိုက်ဒီယူနိုက်တက်ကလားလို့ မေးခဲ့တယ်။ ကျွန်တော်လည်း မဟုတ်ဘူးကွ ဦးလေးက ဟတ်တာစလေက။ ဟိုက်ဒီက ဦးလေးတို့ ဘေးကွင်းမှာပဲ ပုံမှန်လေ့ကျင့်တာ သူတို့လေကျင့်ပြီး ပြန်သွားကြပြီ။ ဒါနဲ့ မင်းဘယ်မှာနေတာလဲလို့ မေးလိုက်တယ်။ သူက ဟိုက်ဒီမှာနေပါတယ်လို့ ဖြေတော့ ကျွန်တော်လည်း “ဒီမှာ ကောင်လေး လျှောက်သွားပြီး အချိန်ဖြုန်းမနေနဲ့တော့ ဦးလေးတို့နဲ့ လာလေ့ကျင့်”လို့ ခေါ်လိုက်ပါတယ်။

ကောင်လေးကလည်း ချက်ချင်းဖိနပ်တွေ ကောက်ဝတ်ပြီး လိုက်လာတော့တာပေါ့။ သူကစားတာကို ၁၀ မိနစ်လောက် ကြည့်ပြီးချိန်မှာ ကျွန်တော်လည်း သူ့အမေဆီ ဖောင်ဖြည့်ဖို့ပေးပြီးပါပြီ။ ဇန်နဝါရီလဆိုတော့ အဲ့ညက တော်တော်လေးအေးပြီး စိုစွတ်နေတာပါ။ ဟိုက်ဒီအသင်း ပြန်သွားတာပဲ တော်တော်ကောင်းလှတယ်လို့တောင် တွေးမိသေးတယ်။ ဟုတ်တယ်လေ ဒါသူတို့ရဲ့ ဆုံးရှုံးမှုတစ်ခုပဲ။ ဒါမေယ့် ၁၀ မိနစ်လောက်နဲ့တော့ သူ့ကိုပြန်မလွှတ်နိုင်ဘူး။ သူ့အမေက ဖောင်ဖြည့်ပြီးပြန်လာတော့ သူ့အသက်ကိုပါတွေ့လိုက်ရတယ်။

ကျွန်တော်လည်း “ငါမင်းကို ပြန်မလွှတ်တော့ဘူး ကောင်လေး၊ မင်းဒီမှာလည်း သိပ်အကြာကြီး မနေရလောက်ပါဘူး”လို့ တွေးမိသွားတယ် ” ဆိုပြီး ပြောခဲ့ပါတယ်။ အီလန်ဂါဟာ ဟတ်တာစလေ ယူ ၁၂ အသင်းမှာ စတင်ကစားခဲ့ပေမယ့် သူ့ရဲ့ပါရမီကြောင့် သူ့အသက်ထက်ပိုကြီးတဲ့အဆင့်မှာ ကစားခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက် အကယ်ဒမီကိုရောက်တဲ့ လမ်းစကတော့ ဟိုက်ဒီအပိုင်းမှာ ကော်ဇောဆိုင်တစ်ခုဖွင့်ထားတဲ့ စီးပွားရေးသမား ဂျွန်ခရော့ခ်နဲ့ နည်းပြအီယန်တို့ရဲ့ ရင်းနှီးမှုကြောင့်ပါပဲ။ အီလန်ဂါဟာ ၁၂ ပွဲကစားပြီး ၁၇ ဂိုးသွင်း ၁၇ ဂိုးဖန်တီးနိုင်ခဲ့ပြီး နောက်ထပ် ၂၇ ဂိုးထိလည်း ထပ်သွင်းနိုင်ခဲ့တယ်လို့ အီယန်ကပြောပြခဲ့ပါတယ်။ ယူနိုက်တက်စီနီယာအသင်းမှာ ခုလိုနေရာရလာတာ အံ့သြစရာတော့မရှိပေမယ့် ဟတ်တာစတယ်မှာ ရှိနေတုန်းက အီလန်ဂါကို ပထမဆုံး စိတ်ဝင်စားလာတာကတော့ မန်စီးတီးအသင်းပဲ ဖြစ်ပါတယ်။

ဟတ်တာစလေမှာနေတဲ့ ၆၂ နှစ်အရွယ်နည်းပြကြီး အီယန်က “အရင်ဆုံး စိတ်ဝင်စားမှုပြခဲ့တာက မန်စီးတီးပါ၊ သူတို့နဲ့တောင် ထရိန်နင်နည်းနည်း ဆင်းခဲ့ဖူးသေးတယ်။ ကျွန်တော်က ယူ ၁၄ အသင်းကို တာဝန်ယူပြီးတော့ သူ့ကို ကျွန်တော့်အသင်းမှာ ကစားခိုင်းခဲ့တယ်၊ ဒါပေမယ့် ကျွန်တော့်အဲ့လိုမလုပ်ခဲ့သင့်ဘူး၊ အဲ့ဒီအချိန်တုန်းက သူ့ကို ဘယ်အသင်းဆီကိုမှ မပြောင်းစေချင်တာကြောင့်ပါ။ သူကလည်း တော်တော်လေးကို ကောင်းတယ်၊ ကိုယ်တိုင်ဘောလုံးဆယ်တယ်၊ ၇ ယောက်လောက်ကို အသာလေး လိမ်ခေါက်နိုင်တယ်၊ ဂိုးသမားနားမှာ ဘယ်ခြေနဲ့ရော၊ ညာခြေနဲ့ရော အဆုံးသတ်နိုင်တယ်”

“ကျွန်တော်လည်း ဂျွန့်ကိုပြောလိုက်တယ်၊ ဟေး မင်းတွေ့တယ်မလား၊ အဲ့နေ့ပွဲကို လာကြည့်တဲ့ မိဘတွေထဲမှာ ကင်းထောက်တွေလည်းပါခဲ့တယ်။ ဂျွန်က အဲ့ဒီကင်းထောက်နဲ့တွေ့ပြီး အီလန်ဂါကိုပြလိုက်တယ်။ အဲ့ဒီကနေမှတစ်ဆင့် ယူနိုက်တက်ကင်းထောက်ချုပ်နဲ့ အဆက်အသွယ်ရပြီး သူ့ကိုကိုယ်တိုင် လာကြည့်သွားပါတယ်။ ယူနိုက်တက်ကင်းထောက်ချုပ် လာကြည့်တဲ့ ပွဲတုန်းက ၈-၁ နဲ့ကျွန်တော်တို့ ရှုံးခဲ့တယ်ထင်တယ်။ ဒါပေမယ့် အန်တိုနီရဲ့ခြေစွမ်းကတော့ အံ့သြလောက်အောင် ကောင်းခဲ့တယ်။ ယူနိုက်တက်အကယ်ဒမီရဲ့ ကျောင်းသားဖြစ်ဖို့ ဂျွန်လည်းအစွမ်းကုန် ကူညီပေးခဲ့တယ်။ အန်တိုနီ့အမေက ကားမောင်းလို့မရလို့ သူကိုယ်တိုင်တောင် The Cliff (ယူနိုက်တက်အကယ်ဒမီလေ့ကျင့်ရေးကွင်း) ကို ကားမောင်းပြီးလိုက်ပို့ပေးတယ်၊ ကြိုပေးတယ်”ဆိုပြီး ပြောပြခဲ့ပါတယ်။

အီလန်ဂါဟာ ယနေ့ထိ ဟတ်တာစလေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး မကြာသေးမီကတင် Alder Community High School ပွဲကစားရမယ့် ကွင်းထဲရေဝင်နေတာတွေကို ပြုပြင်ဖို့ ပေါင် ၈၀ စိုက်ထုတ်ပေးခဲ့ပါသေးတယ်။

#မန်ချက်စတာယူနိုက်တက် #အီလန်ဂါ #ရန်နစ်