ရှေ့သို့
Image

ယနေ့ အတွက် နောက်ဆုံးရအပြောင်းအရွှေ့ သတင်းတိုများ

2:11 PM, 19 January

ပေါ့ဂ်ဘာ၊ ကက်ဆီးတို့နဲ့ ဆွေးနွေးနေပြီဖြစ်တဲ့ ပီအက်စ်ဂျီ
===========================
ပီအက်စ်ဂျီအသင်းဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ယူနိုက်တက်ကွင်းလယ်လူ ပေ့ါဂ်ဘာနဲ့ အေစီမီလန်ကွင်းလယ်လူ ကက်ဆီးတို့ကို ခေါ်ယူနိုင်ရေးအတွက် သက်ဆိုင်ရာကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေပြီဖြစ်ပြီး နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

တစ်ဆက်တည်းမှာပဲ ပီအက်စ်ဂျီမှာ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို ကွင်းလယ်အင်အား တောင့်တင်းစေဖို့အပြင် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် တိုက်စစ်မှူး မက်ပီကို အသင်းမှာ ဆက်ထိန်းနိုင်ရေးအတွက် စည်းရုံးမှုတစ်ခုအဖြစ်လည်း ယူဆနေပါတယ်။ မက်ပီဟာ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ရီးရဲလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ရာခိုင်နှုန်းများနေပါတယ်။

မန်စီးတီးတိုက်စစ်မှူးဟောင်း ဘာလော့တယ်လီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နယူးကာဆယ်
=====================================
တူရကီကလပ် အဒါနာဒီမီယာစပေါအသင်းဥက္ကဋ္ဌ မူရက်ဆန်ကက်က နယူးကာဆယ်အသင်းအနေနဲ့ မိမိတို့အသင်းတိုက်စစ်မှူး ဘာလော့တယ်လီကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိ အီတလီလက်ရွေးစင်ဟောင်း ဘာလော့တယ်လီဟာ ပရီးမီးယားလိဂ်မှာ မန်စီးတီး၊ လီဗာပူးတို့နဲ့အတူ ဖြတ်သန်းခဲ့ဖူးသူဖြစ်ပြီး နယူးကာဆယ်က ဘန်လေတိုက်စစ်မှူး ခရစ္စဝုဒ်ကို ပေါင် ၂၅သန်းနဲ့ ခေါ်ယူထားပေမယ့် တိုက်စစ်ပိုင်းကို ထပ်မံဖြည့်တင်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အပြောင်းအရွှေ့အတွက် မာရှယ်နဲ့ ဆွေးနွေးနေတဲ့ ဂျူဗင်တပ်စ်
===========================
ဂျူဗင်တပ်စ်ဟာ ယူနိုက်တက်တိုက်စစ်မှူး မာရှယ်နဲ့ အပြောင်းအရွှေ့ပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် အသက် ၂၆ နစ်အရွယ်ရှိ ပြင်သစ်ကစားသမားအတွက် ယူနိုက်တက်အသင်းထံ တရားဝင်ဆက်သွယ်ခြင်းမရှိသေးကြောင်း သိရပါတယ်။ မာရှယ်ဟာ ယခုရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ဒီဇင်ဘာလ ၂ ရက်နေ့နောက်ပိုင်း ပွဲကစားခွင့်ဆုံးရှုံးနေရပါတယ်။

ဂျူဗင်တပ်စ်က ဒူးအရွတ်ကြောဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူနေရတဲ့ တောင်ပံကစားသမား ချီယေဆာရဲ့နေရာမှာ မာရှယ်နဲ့ အစားထိုးလိုနေတာဖြစ်ပြီး ဆီဗီလာ၊ ဘာစီလိုနာတို့နဲ့ အားပြိုင်ရဖွယ်ရှိနေပါတယ်။

ဗီလာမှာ ဂျရတ်နဲ့ ပြန်လည်လက်တွဲလိုနေတဲ့ ဆွာရက်ဇ်
============================
အက်သလက်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့နိုင်ရေးအတွက် ဘရာဇီးကလပ်တွေရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ဖွယ်ရှိနေပါတယ်။ လီဗာပူးနဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်း ဆွာရက်ဇ်ရဲ့လက်ရှိစာချုပ်က ယခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုဖွယ်မရှိကြောင်း သိရပါတယ်။

ဆွာရက်ဇ်ကို ဘရာဇီးကလပ်တွေဖြစ်တဲ့ ပါးလ်မီးရက်စ်၊ ကိုရင်သီယန်နဲ့ မင်နဲရိုးတို့က အပြိုင်စိတ်ဝင်စားနေပေမယ့် ကစားသမားဖြစ်သူကတော့ လီဗာပူးအသင်းဖော်ဟောင်း ဂျရတ် နည်းပြအဖြစ် တာဝန်ယူနေတဲ့ အက်စတွန်ဗီလာအသင်းကို ပြောင်းရွှေ့ချင်နေပါတယ်။

မလိုတဲ့ကစားသမားတွေကို ရောင်းထုတ်ဖို့ ကြိုးစားနေတဲ့ တော့တင်ဟမ်
================================
တော့တင်ဟမ်ဟာ အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ကစားသမားတချို့ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး ကွင်းလယ်လူတွေဖြစ်တဲ့ အန်ဒွမ်ဘီလီနဲ့ အယ်လီ၊ ညာနောက်ခံလူ ဒိုဟာတီနဲ့ တောင်ပံကစားသမား ဘာ့ဂျ်ဗင်းတို့ကို ရောင်းထုတ်လိုနေတာပါ။

တစ်ဆက်တည်းမှာပဲ တော့တင်ဟမ်ဟာ နည်းပြကွန်တီစိတ်ကြိုက်ကစားသမားဖြစ်တဲ့ ဝုဗ်တောင်ပံကစားသမား အဒါမာထရာအိုရေးကို ယခုလအတွင်း အရခေါ်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး ဝုဗ်အသင်းနည်းပြ ဘရူနိုလာဂီကတော့ အသက် ၂၅ နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်ကို အနည်းဆုံး ယခုရာသီကုန်အထိ အသင်းမှာ ဆက်ထိန်းလိုနေပါတယ်။

ယခုလအတွင်း အင်တာကနေ ထွက်ခွာမှာမဟုတ်တဲ့ ပါရီဆစ်
=============================
အင်တာမီလန်တောင်ပံကစားသမား အိုင်ဗန်ပါရီဆစ်အနေနဲ့ ချဲလ်ဆီးအသင်းရဲ့စိတ်ဝင်စားခြင်းခံနေရပေမယ့် ယခုလအတွင်း ဆန်စီရိုအခြေစိုက်အသင်းကနေ ထွက်ခွာမှာမဟုတ်ကြောင်း သိရပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိ ခရိုအေးရှားလက်ရွေးစင် ပါရီဆစ်ဟာ ဇွန်လမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် အင်တာမီလန်ကတော့ သူ့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးနေပါတယ်။

ချဲလ်ဆီးနောက်ခံလူ ခရစ္စတီယန်ဆန်ကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာနဲ့ ဘိုင်ယန် အပြိုင်ရေပန်းစား
=============================================
ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ ချဲလ်ဆီးနောက်ခံလူ ခရစ္စတီယန်ဆန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ အပြိုင်ရေပန်းစားနေပြီး အသက် ၂၅ နှစ်အရွယ်ရှိ ဒိန်းမတ်လက်ရွေးစင် ခရစ္စတီယန်ဆန်က ချဲလ်ဆီးကို လေးစားမှုထားတဲ့အနေနဲ့ ပြည်တွင်းပြိုင်ဘက်အသင်းတွေရဲ့ကမ်းလှမ်းမှုတွေကို ပယ်ချထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းဟာ တကယ်လို့ ဦးစားပေးပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို လာမယ့်နွေရာသီမှာ မခေါ်နိုင်ရင် ဆိုစီဒက်အသင်းမှ အသက် ၂၂ နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူး အီဆက်ကို အစားထိုးခေါ်ယူဖွယ်ရှိနေပါတယ်။

#အပြောင်းအရွှေ့ #ပေါ့ဂ်ဘာ #ခရစ္စတီယန်ဆန် #ပါရီဆစ် #ဘာလော့တယ်လီ