ရှေ့သို့
Image

ရာသီမကုန်ခင်မှာ အမြဲတမ်းနည်းပြတစ်ဦးခန့်အပ်ဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်

3:38 PM, 18 January

ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားနေရာအတွက် နည်းပြသစ်ရှာဖွေနေဆဲဖြစ်ကာ ရာသီမကုန်ခင်မှာ အမြဲတမ်းနည်းပြတစ်ဦး ခန့်အပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဆိုးလ်ရှားကို နိုဝင်ဘာလတုန်းက ထုတ်ပယ်ပြီးနောက် ယူနိုက်တက်ဟာ ရန်နစ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။ အမြဲတမ်းနည်းပြသစ်တွေ့ရှိခဲ့မယ်ဆိုရင် ရန်နစ်ဟာ အသင်းရဲ့ အကြံပေးအဖြစ် ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။


မန်ချက်စတာ ညနေခင်းသတင်းဌာနရဲ့ အဆိုအရ ယူနိုက်တက်ဟာ နွေရာသီ အပြောင်းအရွှေ့မတိုင်ခင် နည်းပြသစ်ခန့်အပ်ဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဘက်ကတော့ အမြဲတမ်းနည်းပြနေရာအတွက် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို နဲ့ အေဂျက်နည်းပြ တန်ဟက်ဂျ်တို့ကို ချိတ်ဆက်နေသလို လက်စတာနည်းပြ ရော်ဂျာကိုလည်း ပစ်မှတ်ထားနေပါတယ်။ ယူနိုက်တက်ဘက်က ၂၀၁၃ တုန်းက မိုယက်ချ်ကို ခန့်အပ်ခဲ့သလိုမျိုးမဖြစ်အောင် ရှောင်ရှားဖို့ ပြင်ဆင်နေပြီး မိုယက်ချ်ဟာ ဖာဂူဆန်နေရာကို အဲဗာတန်ကနေ ပြောင်းလာခဲ့တာဖြစ်ပါတယ်။


ဒါပေမယ့် ဧပြီလမှာပဲ မိုယက်ချ်တစ်ယောက် အထုတ်ခံခဲ့ရတာဖြစ်ကာ အခုချိန်မှာတော့ ဇူလိုင်လ ၁ ရက်နေ့မတိုင်ခင် ခန့်အပ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ပိုချက်တီနိုဟာ ယူနိုက်တက်ကို ပြောင်းဖို့ စိတ်ဝင်စားနေဆဲဖြစ်ကာ ယူနိုက်တက်တာဝန်ရှိသူတွေကလည်း မျက်စိကျနေပါတယ်။ တန်ဟက်ဂျ်ကလည်း ယူနိုက်တက်ကို ပြောင်းချင်နေသလို ယူနိုက်တက် နဲ့ အေဂျက်ကြားမှာလည်း ဆက်ဆံရေးကောင်းတွေရှိတာကြောင့် ဖြစ်လာဖို့ များနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ရန်နစ်