ရှေ့သို့
Image

ဒါဘီအသင်းကို ချီးကျူးခဲ့တဲ့ ဒါဘီအမာခံပရိသတ် One Direction စတား နေးလ်ဟိုရန်

4:38 PM, 17 January

ဒါဘီကောင်တီအသင်းရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်တဲ့ One Direction ကြယ်ပွင့် နေးလ်ဟိုရန်ကတော့ စနေနေ့က နောက်ထပ် နိုင်ပွဲရရှိခဲ့တဲ့ သူ့အားပေးတဲ့အသင်းကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ နည်းပြဝိန်းရွန်းနီရဲ့ အသင်းဟာ စီးပွားရေးပိုင်းကျဆင်းမှုတွေကြောင့် ဘဏ္ဍာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး EFL ရဲ့ ရမှတ် ၂၄ မှတ်ထိ လျှော့ချခြင်းကို ခံခဲ့ရပါတယ်။ 

မကြာသေးမီကတင် အပြောင်းအရွှေ့ကိစ္စတွေကိုလည်း ပိတ်ပင်ခံခဲ့ရပါသေးတယ်။ ကွင်းပြင်ပပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ဒါဘီအသင်းဟာ နောက်ဆုံးချန်ပီယံရှစ် ၅ ပွဲမှာ ၄ ပွဲအနိုင်ရရှိခဲ့ပြီး ဒီဇင်ဘာလအစကတည်းက လိဂ်ရှုံးပွဲမရှိသေးပါဘူး။ ပြီးခဲ့တဲ့ပိတ်ရက်မှာ ဘလက်ပူးလ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဟိုရန်တစ်ယောက် ဒါဘီပရိသတ်ဖြစ်လာတာ နောင်တမရဘူးဆိုပြီး ဂုဏ်ယူဝင့်ကြွားခဲ့ပါတယ်။ 

ဟိုရန်က သူ့ရဲ့တွစ်တာမှာ “ ကျွန်တော်တို့ နိုင်ငံမှာ ဖွံ့ဖြိုးမှုမတူညီတဲ့ မြို့တွေလည်းရှိသလို ဘောလုံးမှာလည်း စနေညက ဒါဘီရဲ့ အမိုက်စား ခြေစွမ်းအစစ်အမှန်ကို မြင်တွေ့ရတဲ့ ပွဲမျိုးလည်း ရှိပါတယ်။ ၁၈၈၄ ခုနှစ်ကတည်းက ဘောလုံးနဲ့ ပက်သက်လာရင် အမာခံမြို့၊ အဆင့်အတန်းရှိတဲ့ မြို့တစ်မြို့ပဲ။ ဘောလုံးဆိုတာ ဘာမှန်းစသိကတည်းက ဒါဘီပရိသတ်ဖြစ်ခဲ့တယ်၊ ဒီထက်ပိုပြီး ဂုဏ်ယူစရာလည်း မရှိတော့ဘူးထင်တယ် ” ဆိုပြီး ပြောခဲ့ပါတယ်။ 

ဟိုရန်ဟာ ကလေးဘဝကတည်းက ဒါဘီပရိသတ်ဖြစ်ခဲ့ပြီး လက်ရှိမှာလည်း ပရိုက်ဒ်ပါ့ဒ်ရဲ့ တစ်ရာသီစာ လက်မှတ်ကိုင်ဆောင်ထားပါတယ်။ ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် ခုလိုကိုယ်အားပေးတဲ့ အသင်းကို အစွမ်းကုန်အားပေးတတ်တဲ့ ဟိုရန်ကိုလည်း ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။ တစ်ယောက်က “ ဒီအသင်းကို မင်းကလေးဘဝကတည်းက အားပေးခဲ့တာဆိုရင်တော့ မင်းက တကယ့်ကိုထူးခြားတဲ့သူပဲ ”  နောက်တစ်ဦးကလည်း “ ဒါမှ ငါတို့သိထားတဲ့ နေးလ်၊ အသင်းချစ်စိတ်ကတော့ ချီးကျူးလောက်ပါပေတယ်။ ဒါဘီလည်း အခြေအနေကောင်းဖို့ မျှော်လင့်ပါတယ် ” ဆိုပြီး ပြောခဲ့ပါတယ်။ 

အခြားဒါဘီအသင်း ပရိသတ်တစ်ယောက်ကလည်း “ ဒီရာသီက ငါတို့အသင်းကို တကယ်ချစ်တဲ့ ပရိသတ်တွေရဲ့ ရာသီပဲ။ ဒါဘီပရိသတ်အားလုံး ဒီရာသီလိုမျိုးပဲ စိတ်ဓာတ်နဲ့အားပေးသင့်တယ်။ အခုငါတို့အသင်းက နည်းပြဝိန်းနဲ့ ကစားသမားတိုင်းက စိတ်ဓာတ်နဲ့ ကစားနေကြတာ ” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။ 

အခြားသတင်းတွေအရ ဒါဘီအနေနဲ့ ဒီရာသီကို အဆုံးသတ်ဖို့ ဘဏ္ဍာရေး အလုံအလောက် ရှိကြောင်း သက်သေမပြနိုင်ရင် ချန်ပီယံရှစ်ကနေပါ ထုတ်ပယ်ခံရနိုင်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တင်ပြရမယ့် ဘဏ္ဍာရေးရှင်းတမ်းအတွက် လိဂ်တာဝန်ရှိသူတွေနဲ့ အသင်းရဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ အစည်းအဝေးမှာလည်း တင်းမာမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ 

ဒါဘီအတွက်အကောင်းဆုံးနည်းလမ်းကတော့ အသင်းကို ငွေကြေးထောက်ပံ့ပေးနိုင်တဲ့ အသင်းပိုင်ရှင်သစ် ရှာဖွေတာဖြစ်ဖြစ် ကျန်ရှိနေတဲ့ အသင်းက ကစားသမားတွေကို ရောင်းချခြင်းဖြင့် ဘဏ္ဍာငွေ ရှာဖွေနိုင်ဖို့ လိုအပ်နေပါတယ်။ နယူးကာဆယ်အသင်းပိုင်ရှင် မိုက်အက်ရှလေကတော့ ဒါဘီကိုဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါ့အပြင် နည်းပြရွန်းနီကလည်း တနင်္ဂနွေနေ့က ထုတ်ပယ်ခံခဲ့ရတဲ့ အဲဗာတန်နည်းပြ ရာဖာဘင်နီတက်ဇ်ရဲ့ နေရာကို အစားဝင်ဖို့ ရေပန်းစားနေပါတယ်။ ဒါဘီဟာ ၂၆ ပွဲကစားပြီးချိန်မှာ အဆင့် ၂၃ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ကလွတ်ဖို့ ၈ မှတ်သာ လိုပါတော့တယ်။ 

#ဒါဘီ #ရွန်းနီ