ရှေ့သို့
Image

ကော်တင်ဟိုကြောင့် ဘွန်ဒီယာအပါအဝင် အသင်းဖော်တွေပါ ပိုကောင်းလာတယ်လို့ ပြောခဲ့တဲ့ ဂျရတ်

11:51 AM, 17 January

အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျရတ်ကတော့ ကစားသမားသစ် ဖီလစ်ပီ ကော်တင်ဟို ကြောင့် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ အီမီလီယာနိုဘွန်ဒီယာအပါအဝင် ကျန်တဲ့ကစားသမားတွေပါ တိုးတက်လာကြတယ်လို့ ပြောခဲ့ပါတယ်။ ကော်တင်ဟိုဟာ ဘာစီလိုနာကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့ရတဲ့ သူ့ရဲ့ ပွဲဦးထွက် ပွဲစဉ်မှာတင် တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးကာ အဖွင့်လှပခဲ့ပါတယ်။ 

ဂျရတ်ကတော့ သူ့ရဲ့ လီဗာပူးအသင်းဖော်ဟောင်းရဲ့ ခြေစွမ်းကို အရမ်းကိုအားရနေပြီး ၂၉ နှစ်သားအပေါ် ယုံကြည်မှုတိုးပွားလာတယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ ဂျရတ်ကတော့ “ ဖီးလ်(ကော်တင်ဟို) က ဘွန်ဒီယာကို ဆွဲတင်ပေးလိုက်သလိုပါပဲ။ သူ့ကြောင့် ကာနေးချုကွေမီကာတို့၊ ဂျာကော့ရမ်ဆေးတို့လို လူငယ်တွေကိုကိုလည်း ပိုပြီး ပံ့ပိုးပေးနိုင်မယ်လို့ ထင်တယ်။ လက်ရှိအဝတ်လဲခန်းရဲ့ အနေအထားအပေါ်မှာလည်း အားရကျေနပ်မိတယ်။ 

ကစားသမားကောင်းတွေ၊ အသင်းလိုက်ကစားနိုင်တဲ့ ကစားသမားတွေကို တတ်နိုင်သမျှ များများလိုချင်ပါတယ်၊ ကော်တင်ဟိုနဲ့ ဘွန်ဒီယာဆိုရင် ထရိန်နင်မှာ အရမ်းအတွဲညီပြီး ကောင်းကောင်းကစားနိုင်ကြတယ် ” လို့ ပြောခဲ့ပါတယ်။ ဘွန်ဒီယာဟာ ပြီးခဲ့တဲ့နွေရာသီကမှ နောဝစ်ချ်ကနေ ပေါင်သန်း ၄၀ နဲ့ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ 

မန်ချက်စတာစီးတီးကို ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့သွားတဲ့ ဂျက်ဂရီးလစ်ရှ်ရဲ့ နံပါတ် ၁၀ ကို ဆက်ခံခဲ့ပေမယ့် ဂရီးလစ်ရှ်ရဲ့ နေရာဖြည့်ဆည်းနိုင်ခြင်း မရှိသေးတာကြောင့် အာဂျင်တီးနားသားအတွက် ဖိအားပိုများလာပါတယ်။ ဘွန်ဒီယာကိုယ်တိုင်လည်း ကော်တင်ဟို ရောက်လာတာကြောင့် သူ့အတွက် ဖိအားအနည်းငယ် လျော့သွားခဲ့လို့ အသင်းအတွက် အကောင်းဆုံးခြေစွမ်း ပြနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့သလို ဂျရတ်ကလည်း ဗီလာပါ့ခ်မှာ ဘွန်ဒီယာက ပိုပြီးတောက်ပလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ 

ဂျရတ်က “ ဘွန်ဒီယာရဲ့နေရာမှာ အစားထိုးဖို့ ဘယ်သူမှ မခေါ်ထားပါဘူး။ ကျွန်တော်တို့အတွက်လည်း သူကအရေးကြီးတဲ့ ကစားသမားပါ၊ အသင်းအတွက် အများကြီးဖြည့်ဆည်းပေးနိုင်တဲ့သူပါ။ ယူနိုက်တက်နဲ့ပွဲမှာဆိုရင် ကျွန်တော့်အတွက် သူက ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားပါပဲ။ သူ့အခြေအနေနဲ့ ပက်သက်လို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ရတာမျိုး ရှိပေမယ့် သူ့ခြေစွမ်းကို အားရပါတယ်။ အသင်းအတွက် သူ့ဆီကနေ လိုချင်တဲ့ အရည်အသွေးမျိုးတွေ တွေ့ရတယ်။ 

ခေါင်းတိုက်ဆိုလည်း ယှဉ်တိုက်တာပဲ၊ လျှောထိုးဖြတ်ထုတ်တာတွေလည်း သူလုပ်တာပဲ၊ ဘောလုံးဆုံးရှုံးသွားရင်လည်း သူပြန်လိုက်ဆယ်တတ်တယ်။ ကွင်းထဲရောက်ရင် အစွမ်းကုန်ပေးဆပ်နေတာ သိသာပါတယ်။ သူ့ခြေစွမ်းကလည်း ကြောက်စရာပါပဲ ” ဆိုပြီး ပြောသွားခဲ့ပါတယ်။ 

#လီဗာပူး #အက်စတွန်ဗီလာ #ဂရီးလစ်ရှ် #ကော်တင်ဟို #စတီဗင်ဂျရတ် #ဘွန်ဒီယာ