ရှေ့သို့
Image

ဗင်နီဇီယာအတွက် ပွဲထွက်ပြီး ၁မိနစ်အကြာမှာတင် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တဲ့ နာနီ

10:34 AM, 17 January

နာနီဟာ စီးရီးအေကို ပြန်လာချိန် ဗင်နီဇီယာအတွက် ပွဲထွက်ပြီး ၁မိနစ်အကြာမှာတင် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

၃၅နှစ်သားဟာ မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးမှာ ၂နှစ်ကြာ ကစားခဲ့ပြီးနောက် ဥရောပကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။

အသင်းသစ်အတွက် စတင်ပါဝင်ချိန်မှာလည်း နာနီတစ်ယောက် အချိန်ဆွဲနေခြင်းမရှိပဲ အမ်ပိုလီနဲ့ ၁ဂိုးစီ သရေပွဲမှာ အရေးပါတဲ့ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်တောင်ပံလူဟောင်းဟာ အရန်ခုံမှာ စတင်ပါဝင်ခဲ့ရပေမဲ့ ဗင်နီဇီယာတို့ ၁ဂိုးနဲ့ ကပ်ရှုံးနေချိန် ၇၂မိနစ်မှာ လူစားဝင်လာခဲ့ပါတယ်။

မိနစ်ပိုင်းအကြာမှာပဲ အသင်းအတွက် အထောက်အကူပြုခဲ့ပြီး အိုကီရီကီရဲ့ သွင်းဂိုးကို ချက်ချင်း ဖန်တီးပေးခဲ့ပါတယ်။

ကျောနံပါတ် ၂၀ ဝတ်ဆင်တဲ့ နာနီဟာ အရာမူနဲ့ 1-2ရိုက်ကာ အိုကီရီကီကို အကောင်းဆုံး ဖန်တီးပေးသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ နာနီက “အရမ်းကောင်းတဲ့ စတင်မှု ဖြစ်ပါတယ်။ အသင်းက ကောင်းကောင်းကစားနိုင်ခဲ့ပြီး အခုချိန်က အရေးပါတဲ့အချိန် ရောက်နေပြီဖြစ်တာကြောင့် အမှတ်ရသလောက် ယူထားရပါတယ်။ ကျွန်တော်တို့ ဒီနေ့ညပွဲမှာ နိုင်ပွဲတောင် ရခဲ့သင့်ပါတယ်။ ဒါပေမဲ့ ရာသီကုန်ဖို့ အဝေးကြီး လိုသေးပြီး ဒီထက်ပိုလုပ်နိုင်မယ်လို့ ထင်ပါတယ်”

“ကစားသမားတွေအားလုံး ဒုတိယပိုင်းမှာ တွန်းတွန်းတိုက်တိုက် ကစားနိုင်ခဲ့ပြီး ဒါကြောင့်လည်း အမှတ်ရခဲ့တာ ဖြစ်ပါတယ်။ ချေပဂိုးကြောင့် ကျွန်တော်တို့ရဲ့ ယုံကြည်မှု တိုးလာစေပေမဲ့ နိုင်ပွဲရဖို့ အခွင့်အရေးကိုတော့ ရယူနိုင်ခဲ့ခြင်း မရှိပါဘူး”လို့ ဆိုခဲ့ပါတယ်။

ဗင်နီဇီယာအသင်းဟာ နာနီရဲ့ အတွေ့အကြုံတွေကို အသုံးချပြီး စီးရီးအေမှာ တင်ကျန်ရစ်ဖို့ မျှော်လင့်လျက် ရှိနေပါတယ်။

#နာနီ #ဗင်နီဇီယာ