အီကွေတိုရီရယ်ကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ကာ အာဖရိကဖလားကနေ ထွက်ရနိုင်တဲ့အရေးကို ရင်ဆိုင်လာရတဲ့ အယ်လ်ဂျီးရီးယား
10:25 AM, 17 January
အယ်လ်ဂျီးရီးယား ၀ - ၁ အီကွေတိုရီရယ် ဂူနီယာ
အိုဘီယန် ၇၀’
အီကွေတိုရီရယ် ဂီနီအသင်းကို လက်ရှိအာဖရိကချန်ပီယံ အယ်လ်ဂျီးရီးယားဟာ အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့ပြီး အုပ်စုအဆင့်ကနေ ထွက်လုဆဲဆဲ အနေအထား ဖြစ်လာပါတယ်။
အုပ်စုအဖွင့်ပွဲမှာလည်း ဆီယာလီယွန်ကို ဂိုးမရှိသရေကျကာ ဂိုးပေါက်ပျောက်ခဲ့တဲ့ အယ်လ်ဂျီးရီးယားဟာ ယခုပွဲမှာလည်း ဂိုးပေါက်ရှာမတွေ့ခဲ့ပါဘူး။
အယ်လ်ဂျီးရီးယားတောင်ပံကစားသမား ဘီလိုင်လီရဲ့ ဂိုးရနိုင်မယ့် ၂ကြိမ်တိုင်တိုင်ကန်ချက်ကို အီကွေတိုရီရယ်ဂိုးသမား အိုယိုနို လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။
ဂိုးရနိုင်မယ့် စည်းထိပ်ကနေ ဖရီးကစ်၂ကြိမ်တိုင် အယ်လ်ဂျီးရီးယားရခဲ့ပြီး ပထမပိုင်းမှာ မာရက်ဇ်တစ်ကြိမ် ကန်မှုက ဂိုးဘားပေါ် အနည်းငယ်ကျော်တက်ခဲ့သလို ဒုတိယပိုင်းမှာ ဘီလိုင်လီရဲ့ ကန်ချက်က လူထိကာ ဂိုးတိုင်ဘေး ကပ်ထွက်ခဲ့ပါတယ်။
မိနစ်၇၀မှာတော့ အီကွေတိုရီရယ် ဂိုးရခဲ့ပြီး ထောင့်ကန်ဘောကနေ လျှံထွက်လာတဲ့ဘောလုံးကို အိုဘီယန်က ထောင့်ကျဉ်းထဲ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အယ်လ်ဂျီးရီးယားရဲ့ ဂိုးသွင်းအများဆုံးကစားသမား တိုက်စစ်မှူး ဆလီမာနီ အနီးကပ်ကန်ချက် ရပေမယ့်လည်း လွဲချော်ခဲ့ပါတယ်။အလားတူ ဘီလိုင်လီရဲ့ သွင်းဂိုးအပါအဝင် အယ်လ်ဂျီးရီးယားဘက်က သွင်းယူတဲ့ ဂိုး၂ဂိုးဟာ ပယ်ချခံခဲ့ရပါတယ်။
နာကျင်အချိန်ပိုမှာလည်း အီကွေတိုရီရယ်နောက်တန်းနှင့် ဂိုးသမားက အယ်လ်ဂျီးရီးယားတိုက်စစ်ကို ကြံကြံခံ ကစားသွားနိုင်တာကြောင့် အံ့အားသင့်ဖွယ် အနိုင်ကို ရယူခဲ့ပါတယ်။.
၂ပွဲမှာ ၁မှတ်သာ ရသေးတာကြောင့် လက်ရှိချန်ပီယံ အယ်လ်ဂျီးရီးယားအနေဖြင့် အိုင်ဗရီကို့စ်နဲ့နောက်ဆုံးပွဲစဉ်ကို အနိုင်ကစားဖို့လိုအပ်လျက် ရှိပါတယ်။
၂၀၁၀မှာ အီဂျစ်နောက်ပိုင်း အာဖရိကရှိ ဘယ်လက်ရွေးစင်အသင်းမှ ချန်ပီယံဘွဲ့ကို ၂ကြိမ်တိုင် ကာကွယ်ထားနိုင်ခြင်း မရှိသေးပါဘူး။ လက်ရှိအယ်လ်ဂျီးရီးယားရဲ့ ခြေစွမ်းကလည်း အားရစရာမရှိဘဲ မန်စီးတီးကြယ်ပွင့် မာရက်ဇ် ဦးဆောင်တဲ့ တိုက်စစ်က ဂိုးပေါက်ပျောက်နေတာ ဖြစ်ပါတယ်။
အယ်လ်ဂျီးရီးယားရဲ့ ၃၅ပွဲဆက် ရှုံးပွဲမရှိစံချိန်ကလည်း ပျက်ယွင်းခဲ့ပြီး ၂၀၁၈ အောက်တိုဘာလနောက်ပိုင်း ပထမဆုံး ရှုံးပွဲ ဖြစ်ကာ မနှစ်က ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ အီတလီရဲ့ ပွဲအရေအတွက်ထက် ၂ပွဲ လျော့နည်းခဲ့ပါတယ်။
အီကွေတိုရီရယ်ဟာ အနိုင်ရလဒ်ကြောင့် ၃မှတ်ဖြင့် အုပ်စု E ရဲ့ ဒုတိယနေရာသို့တက်လှမ်းသွားပြီး အိုင်ဗရီကို ့စ်က ၄မှတ်ဖြင့် ထိပ်ဆုံးမှာ ရှိနေကာ ဆီရာလီယွန်က ၂မှတ်ဖြင့် တတိယ၊ အယ်လ်ဂျီးရီးယားက ၁မှတ်ဖြင့် အောက်ဆုံးမှာ ရှိနေပါတယ်။
#အာဖရိကဖလား #အယ်လ်ဂျီးရီးယား