ရှေ့သို့
Image

တင်းနစ်ကြယ်ပွင့် ဂျိုကိုဗစ်ကို ပြည်နှင်ဒဏ်ပေးလိုက်တဲ့ သြစတြေးလျအာဏာပိုင်တွေရဲ့လုပ်ရပ်ကို မာတစ် ပြင်းထန်စွာဝေဖန်

9:45 AM, 17 January

ယူနိုက်တက်ကွင်းလယ်လူ နီမန်ဂျာမာတစ်က တင်းနစ်ကြယ်ပွင့် ဂျိုကိုဗစ်ကို ပြုမူဆက်ဆံပုံတွေနဲ့ပတ်သက်လို့ သြစတြေးလျအာဏာပိုင်တွေကို ပြင်းထန်စွာဝေဖန်လိုက်ပါတယ်။

ကမ္ဘာ့အဆင့် ၁ တင်းနစ်သမား ဂျိုကိုဗစ်ဟာ ကိုဗစ်ကိစ္စနဲ့ပတ်သက်လို့ သြစတြေးလျအာဏာပိုင်တွေနဲ့ ၁၁ ရက်ကြာ တရားရေးဆိုင်ရာအငြင်းပွားမှုတွေဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာ ဖက်ဒရယ်တရားရုံးက ဝန်ကြီး ဟောကီးရဲ့ဆုံးဖြတ်ချက်နဲ့အတူ ဂျိုကိုဗစ်ကို တနင်္ဂနွေနေ့ညက နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။

မာတစ်က ဆားဘီးယားတစ်နိုင်ငံတည်းသား ဂျိုကိုဗစ်ကို ပြုမူဆက်ဆံပုံနဲ့ပတ်သက်လို့ သြစတြေးလျအာဏာပိုင်တွေရဲ့လုပ်ရပ်ကို ရှက်စရာကောင်းမှုအဖြစ် ဝေဖန်လိုက်ပြီး ဂရင်းစလင်းချန်ပီယံ အကြိမ် ၂၀ ရရှိထားတဲ့ ဂျိုကိုဗစ်ကိုထောက်ခံကြောင်း ပြောပါတယ်။

မာတစ်အနေနဲ့ ဂျိုကိုဗစ်ကို လူသိရှင်ကြားထောက်ခံတာ အခုအကြိမ်က ပထမဆုံးမဟုတ်ဘဲ ၂၀၂၀ ခုနှစ်က အငြင်းပွားဖွယ် အက်ဒရီယာတိုးပြိုင်ပွဲကို ဂျိုကိုဗစ် လက်ခံကျင်းပခဲ့တုန်းကလည်း သူ့ဘက်ကနေ ကာကွယ်ခဲ့ပါတယ်။

မာတစ်ဟာ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ဂျိုကိုဗစ် သြစတြေးလျအိုးပင်းချန်ပီယံဖြစ်စဉ်က ရိုက်ကူးထားတဲ့ဓာတ်ပုံနဲ့အတူ ''ခင်ဗျားရဲ့ထင်ပေါ်ကျော်ကြားမှုနဲ့ သူတို့ရဲ့အရှက်ရမှုတွေက အမြဲတမ်းရှင်သန်နေမှာပါ''လို့ စာရေးသားခဲ့ပါတယ်။

မာတစ်မတိုင်ခင် ဆားဘီးယားသမ္မတ အလက်ဇန္ဒားဗူဆစ်က ဂျိုကိုဗစ်အနေနဲ့ တရားရေးဆိုင်ရာ ရင်ဆိုင်ရတာက နှိပ်စက်ညှဉ်းပန်းခံရတာပဲလို့ ဝေဖန်ခဲ့ပါတယ်။

''သူတို့ဟာ ၁၀ ရက်လောက်အထိ ဂျိုကိုဗစ်ကို အကြီးအကျယ်ညှဉ်းပန်းနှိပ်စက်ခဲ့ပါတယ်။ ဒါကလည်း ပညာရှိနည်းနဲ့ စိတ်ကို နှိပ်စက်တာတင်မဟုတ်ဘဲ ဂျိုကိုဗစ်ကို ရုပ်ပိုင်းဆိုင်ရာအရလည်း နှိပ်စက်ခဲ့လို့ ဒီလိုပြောရဲတာပါ။ သြစတြေးလျအိုးပင်းချန်ပီယံ ၉ကြိမ်ရထားတဲ့ဂျိုကိုဗစ်မို့လို့ ဒီလောက်ပဲ ခံရတာပေါ့။ တခြားတစ်ယောက်ယောက်ဆိုရင် ဒီထက်တောင်ပိုဆိုးနိုင်ပါတယ်''လို့ ဗူဆစ်က ပြောပါတယ်။

ဆက်လက်ပြီး ဆားဘီးယားသမ္မတက မတ်လအတွင်း ကျင်းပမယ့် အားကစားပြိုင်ပွဲအတွက် အိမ်ရှင်ဆားဘီးယားနိုင်ငံထံ သြစတြေးလျအားကစားသမားတွေ ရောက်လာချိန်မှာ ဒီထက်ပိုကောင်းတဲ့ ပြုမူဆက်ဆံမှုတွေ ခံရမယ်လို့ ပြောပါတယ်။

သမ္မတကြီးက ဂျိုကိုဗစ်ကို အပြည့်အဝထောက်ခံကြောင်းနဲ့ အမြဲတမ်းနွေးထွေးစွာကြိုဆိုနေမယ့် ဆားဘီးယားနိုင်ငံကို ပြန်လာဖို့အတွက် ဂျိုကိုဗစ်အနေနဲ့ ဘာမှစောင့်ဆိုင်းနေစရာမလိုဘူးလို့ ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #နီမန်ဂျာ မာတစ် #ဆားဘီးယား