ရှေ့သို့
Image

ဦးဆောင်ဂိုးသွင်းနိုင်မယ့်အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့တဲ့ လူကာကူကို ချဲလ်ဆီးပရိသတ်များ ဒေါသထွက်နေ

3:52 PM, 16 January

မန်စီးတီးနဲ့ ပွဲမှာ ဦးဆောင်ဂိုး သွင်းယူနိုင်မယ့် အခွင့်အရေးကို ဖြုန်တီးပစ်ခဲ့တဲ့ တိုက်စစ်မှူး လူကာကူရဲ့ ခြေစွမ်းကို ချဲလ်ဆီးပရိသတ်များက မကြိုက်နှစ်သက်ဘဲ မကျေမနပ်ဖြစ်နေခဲ့ပါတယ်။
အီတီဟက်ဒ်တွင် ၉မိနစ်မှာဘဲ လူကာကူဟာ ဂျွန်စတုန်းကို နောက်ကောက်ချကာ အရှိန်ဖြင့် ပြေးထွက်ခဲ့ပြီး စီးတီးဂိုးပေါက်ကို ဦးတည်ပြေးဆွဲခဲ့ပါတယ်။

ဒါပေမဲ့ ဂိုးစည်းထဲ ရောက်လာချိန်မှာ ညာခြမ်းမှာ ရှိနေတဲ့ ဇီယက်ချ်ကို ပေးပို့လိုက်ရာ ဘောလုံးက များသွားခဲ့ပါတယ်။ လူကာကူပေးလိုက်တဲ့ ဘောလုံးဟာလည်း ဇီယက်ချ်ဟာ လူကျွံအနေအထားဖြစ်နေခဲ့လို့ စည်းကြပ်ဒိုင်က အလံထောင်ခဲ့ပါတယ်။

လူကာကူအနေဖြင့် ဘောလုံးဆွဲပြေးစဉ်ကတည်းက ဘယ်ခြမ်းမှာ ရှိနေတဲ့ အလွန်ဆိုကို ပေးရင် ပေး ဒါမှမဟုတ် သူကိုယ်တိုင် ကန်သွင်းခဲ့ရင် ဂိုးရဖို့အခွင့်အရေး ပိုများခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ လူကျွံအနေအထားဖြစ်နေတဲ့ ဇီယက်ချ်ကို မထင်မှတ်ဘဲ ပေးလိုက်တာက ဂိုးရမယ့် မဟာအခွင့်အရေးကို လက်လွတ်လိုက်ရသလို ဖြစ်ခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်အား ချဲလ်ဆီးပရိသတ်များက လူကာကူရဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ဝေဖန်ခဲ့ပြီး တစ်ပွဲလုံးတည်း ခြေစွမ်းပျောက်ခဲ့တဲ့ အသင်းရဲံ စံချိန်တင် ပြောင်းရွှေ့ကြေးရှင်ကစားသမားအား အားမလိုအားမရ ဖြစ်ခဲ့ကြပါတယ်။

“လူကာကူက ပေါင်၉၇သန်း လုံး၀ မတန်ပါဘူး ။”
“ကွင်းထဲက ထွက်သွားလိုက်စမ်းပါ လူကာကူရာ”
“လူကာကူက မဟုတ်ခဲ့ရင် ဂိုးက ရိုးရှင်းစွာနဲ့ ရသွားမှာပါ”
စသဖြင့် ပရိသတ်များက မှတ်ချက်ပေးကြပါတယ်။

အဲဗာတန်နှင့် မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းဟာ စီးတီးနဲ့ပွဲတွင် တိုက်စစ်မှာ တစ်ဦးတည်း ကစားရသလို ဖြစ်ခဲ့ပြီး ပထမပိုင်း၄၅မိနစ်မှာ အသင်းရှိကစားသမားတွေထက် ဘောလုံးထိချက် အနည်းဆုံး ဖြစ်ခဲ့သည်။

ချဲလ်ဆီးဟာလည်း ဂိုးပေါက်ကန်သွင်းချက် ပထမပိုင်းမှာ တစ်လုံးမှ မရခဲ့ဘဲ နည်းပြသောမတ်တူချယ်လက်ထက်တွင် ပထမဆုံးအကြိမ်ဖြစ်သည်ဟု opta အချက်အလက်ဝက်ဆိုက်ဒ်က ဖော်ပြခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း လူကာကူဟာ ချဲလ်ဆီးတိုက်စစ်ကို တိုးတက်လာအောင် ဦးမဆောင်နိုင်ခဲ့ဘဲ ဂိုးသမားအီဒါဆန်နဲ့ တစ်ယောက်ချင်းအတွေ့ ကန်သွင်းချက် အခွင့်အရေးရသော်လည်း အီဒါဆန်ကသာ ပုတ်ထုတ်ခဲ့ပါတယ်။

လူကာကူနဲ့ ပရိသတ်တွေရဲ့ ဆက်ဆံရေးဟာ ယခုလအစောပိုင်းမှာ စကိုင်းအီတလီနဲ့တွေ့ဆုံတဲ့ အင်တာဗျူးကနေတဆင့် ခွါပြဲမှု စဖြစ်ခဲ့ပြီး ချဲလ်ဆီးအသင်းမှာ မပျော်ဘဲ အင်တာကို တစ်နေ့မှာ ပြန်လာချင်ကြောင်း ဖွင့်ဟခဲ့တာကနေ ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး အသင်းကလည်း လီဗာပူးနဲ့ပွဲတွင် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ကာ ပြစ်ဒဏ်ခတ်ခဲ့ပါတယ်။

နောက်ပိုင်း ပြန်လည်တောင်းပန်မှု လုပ်ရာကနေ ပြီးခဲ့တဲအပတ်က အက်ဖ်အေဖလားပွဲ ချက်စတာဖီးတ်အား ၅-၁ဂိုးဖြင့် နိုင်တဲ့ပွဲမှာ ပြန်လည်ပါဝင်ကာ ဂိုးပေါက်ရှာတွေ့ခဲ့ပြီး ချဲလ်ဆီးအသင်းပရိသတ်တွေရဲ့ အမျက်ရှမှု ကျေအေးစေခဲ့တာ ဖြစ်ပါတယ်။
တဖက်မှာ မန်စီးတီးနဲ့ပွဲတွင် ကွင်းလယ်လူ ဒီဘရိုင်းရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကြောင့် ချဲလ်ဆီးအသင်း ရှုံးနိမ့်ခဲ့ပြီး ဦးဆောင်သူ မန်စီးတီးနဲ့ ၁၃မှတ်အကွာသို့ရောက်ရှိသွားခဲ့ကာ အမှတ်ပေးချန်ပီယံဖြစ်ဖို့မျှော်လင့်ချက် ဝေးသထက် ဝေးလာခဲ့ပါတယ်။

#ချဲလ်ဆီး #မန်စီးတီး #လူကာကူ