ရှေ့သို့
Image

ဗီလာနဲ့ပွဲကို မလိုက်ချင်ဘူးပြောလို့ မခေါ်ခဲ့တာဆိုတဲ့ ရန်းနစ်ရဲ့ ပြောကြားချက်အပေါ် မာရှယ်ငြင်းဆို

10:19 AM, 16 January

အန်တိုနီ မာရှယ်က ယမန်နေ့ည အက်စတွန်ဗီလာနဲ့ပွဲကို မလိုက်ချင်ဘူးဆိုပြီး ပြောလို့ မပါလာတာဆိုတဲ့ နည်းပြ ရက်ဖ် ရန်းနစ်ရဲ့ ပြောကြားချက်အပေါ် ငြင်းဆန်သွားခဲ့ပါတယ်။
မာရှယ်ဟာ ယခုလအပြောင်းအရွှေ့အတွင်း ဆီဗီလာရဲ့ စိတ်ဝင်စားနေမှုနဲ့အတူ ယူနိုက်တက်က ထွက်ချင်နေပါတယ်။

ယူနိုက်တက် အရန်ခုံမှာ ဂိုးသမား ၂ဦးအပါအဝင် ကစားသမား ၈ဦးသာ ပါ၀င်လာခဲ့ကာ ရန်းနစ်က မာရှယ်ဟာ ယခုပွဲစဉ်ကို လိုက်ပါလိုခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။
ရန်းနစ်က “သူ အသင်းနဲ့ လိုက်ပါလိုခြင်း မရှိခဲ့တာပါ။ သူပ ပုံမှန်အတိုင်း အသင်းမှာ ပါဝင်ရမှာ ဖြစ်ပေမဲ့ သူမလိုက်ချင်ခဲပါဘူး။ ဒါကြောင့် မနေ့က သူ ဒီကိုလာတဲ့ လူစာရင်းမှာ ပါမလာခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ မာရှယ်က ရန်းနစ်ရဲ့ စွပ်စွဲချက်တွေကို လူမှုကွန်ရက်မှာ စာတင်ကာ ငြင်းဆန်ခဲ့ပြီး အသင်းမှာ ကာလရှည်ကြာစွာ ရှိနေတဲ့သူတစ်ယောက်အနေနဲ့ ပရိသတ်တွေကို မလေးမစား လုပ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အင်စတာဂရန် Storyမှာ တင်ထားခဲ့ရာမှာ မာရှယ်က “ကျွန်တော် ယူနိုက်တက်အတွက် ကစားဖို့ ဘယ်တုန်းကမှ ငြင်းဆန်မှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီမှာရှိတာ ၇နှစ်ရှိပြီဖြစ်ပြီး ကလပ်နဲ့ ပရိသတ်တွေကို ဘယ်တော့မှ မလေးမစား လုပ်မှာမဟုတ်ပါဘူး”လို့ ရေးသားထားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ယခုလအတွင်း မာရှယ်ကို အငှားချလိုပြီး ကမ်းလှမ်းတဲ့အသင်းကို လစာအပြည့် ပေးချေစေလိုနေပါတယ်။

ယခုအပတ်အစောပိုင်းကပဲ ခရစ္စတီယာနို ရော်နယ်ဒိုက ပရီးမီးယားလိဂ် စိန်ခေါ်ရန် ရုန်းကန်နေခဲ့ရပြီးနောက် အသင်းကို တိုးတက်မှုရှိဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ယမန်နေ့ညက ၂ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမဲ့ ရမ်ဆေးနဲ့ ကော်တင်ဟိုတို့ရဲ့ သွင်းဂိုးတွေကြောင့် သရေရလဒ်သာ ရရှိခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ရန်းနစ်က ယခုလို သရေပွဲကနေ ကောင်းတာတွေ ရှာဖွေဖို့ အလွန်ခက်ပါတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

မာရှယ်က ပွဲကစားဖို့ ငြင်းဆန်ထားချိန် ယူနိုက်တက်တိုက်စစ်မှာ ရော်နယ်ဒိုနဲ့ ရက်ရှ်ဖို့ဒ်တို့ ဒဏ်ရာရနေပြီး ယမန်နေ့ညက တိုက်စစ်ကို ကာဗာနီ၊ အီလန်ဂါနဲ့ ဂရင်းဝုဒ်တို့ ဦးဆောင်လာခဲ့ပါတယ်။
ရန်းနစ်ကတော့ လာမယ့် ဗုဒ္ဓဟူးည ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်နဲ့ ရော်နယ်ဒိုတို့ ပြန်လည်ပါဝင်လာဖို့ မျှော်လင့်ထားကြောင်း ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အက်စတွန်ဗီလာ #မာရှယ် #ရန်းနစ်