ရှေ့သို့
Image

လီဗာပူးနဲ့ ပွဲမှာ အနီထိခဲ့ပြန်တဲ့ ဇာခါကို အာဆင်နယ် ပရိသတ်များ ဝေဖန်

2:24 PM, 14 January

အာဆင်နယ်ပရိသတ်တွေကတော့ မနေ့ညက လီဗာပူးကစားခဲ့တဲ့ ပွဲစဉ်မှာ အနီကတ်ထိခဲ့ပြန်တဲ့ ကွင်းလယ်လူ ဂရင်းနစ်ဇာခါကို ဆိုရှယ်မီဒီယာမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ ပထမပိုင်း တစ်ဝက်လောက်မှာတင် လီဗာပူးတောင်ပံကစားသမား ဒီယိုဂိုဂျိုတာကို မလိုအပ်ပဲ ခြေထောက်မြှောက်ကာ ဖျက်ထုတ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက ၂၉ နှစ်အရွယ် ဆွစ်ဇာလန်သားကို တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခဲ့ပါတယ်။

ဇာခါထုတ်ပယ်ခံရချိန်က ပထမပိုင်း၂၄ မိနစ်တည်းကဖြစ်လို့ တစ်နာရီကျော်ကြာအောင် တစ်ယောက်လျော့ အနေအထားနဲ့ ကစားခဲ့ရပြီး သရေရလဒ်ရရှိအောင် စွမ်းဆောင်ခဲ့ပေမယ့် အာဆင်နယ်ပရိသတ်တွေကတော့ ဇာခါကွင်းထဲက ထွက်နေတဲ့အချိန်ကတည်းက လှောင်ပြောင်မှုတွေ စတင်ခဲ့ပါတယ်။

အန်ဖီးကွင်းထဲကို ပုံတစ်ပုံကို တင်ထားတဲ့ ပရိသတ်တစ်ယောက်ဆိုရင် “ဂရင်းနစ်ဇာခါအနေနဲ့ အာဆင်နယ်အတွက် လုံးဝကို တာဝန်ရှိပါတယ်။ ဒါက ရှက်စရာအခြေအနေပါပဲ”ဆိုပြီး ပြောခဲ့ပါတယ်။ နောက်တစ်ဦးကလည်း “ဇာခါရေ ဒီလိုတာဝန်မဲ့တဲ့ အလုပ်တွေလုပ်နေမယ့်အစား အသင်းကထွက်ရင်လည်း ထွက်လိုက်ပါကွာ၊ သောက်တလွဲပဲ ကစားနေတယ်”လို့ ရေးခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ “သောက်ကျိုးနည်းဇာခါ ဘယ်နှခါတောင်ရှိနေပြီလဲ၊ ကိုယ့်အသက်အရွယ်နဲ့ ကစားနေတဲ့ အသင်းကိုလည်း ကြည့်ပါဦး။ ၂၉ နှစ်ဆိုပြီး ရင့်ကျက်မလာဘူး။ အသင်းကိုပဲ ဒုက္ခပေးနေတယ် ” ဆိုပြီး ပြောခဲ့ပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ “ ဇာခါရဲ့ ဦးနှောက်က သေသွားပြီ။ ဒီကောင့်ခေါင်းထဲမှာ ပုံမှန်အတွေးမျိုးမရှိတော့ဘူး”ဆိုပြီး ပြောခဲ့ပါတယ်။

ကြာသပတေးညက အနီကတ်ဟာ ဇာခါရဲ့ အာဆင်နယ်ကစားသမားဘ၀ ၅ ကတ်မြောက်ဖြစ်ပြီး ဆွစ်ဇာလန်သား အာဆင်နယ်မှာ ပွဲဦးထွက်တဲ့ ၂၀၁၆-၁၇ နောက်ပိုင်း သူ့ထက်အနီကတ်ပိုများသူဆိုလို့ စပိန်ခံစစ်မှူးကြီး ဆာဂျီယိုရာမို့စ်တစ်ဦးသာ ရှိပါတယ်။ ပြိုင်ဘက်ပရိသတ်တွေကလည်း အာဆင်နယ်နဲ့ ဇာခါကို ဟာသလုပ်ခဲ့ကြပါသေးတယ်။

“ဇာခါက အနီကတ်ကို အရမ်းချစ်တာပဲ၊ ဒါမှမဟုတ် သူ့ကို မကောင်းဆိုးရွားတွေဘာတွေများ ဝင်ပူးနေလား”ဆိုပြီး မှတ်ချက်တွေပေးခဲ့ကြပါတယ်။ ဇာခါရဲ့ အနီကတ်ပြစ်ဒဏ်ကြောင့် တနင်္ဂနွေနေ့မှာ ကစားရမယ့် တော့တင်ဟမ်နဲ့ မြောက်လန်ဒန်ဒါဘီကို လွဲချော်တော့မှာဖြစ်သလို ကြာသပတေးညမှာ ကစားသွားမယ့် လီဗာပူးနဲ့ ဒုတိယအကျော့ကိုလည်း လွဲချော်တော့မှာ ဖြစ်ပါတယ်။

#လီဗာပူး #ဇာခါ #ကာရာဘောင်ဖလား