ရှေ့သို့
Image

အသက်ကယ်ပေးခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ကို ကျေးဇူးတင်စကားပြောခဲ့တဲ့ ကူလီဘာလေ

9:36 AM, 14 January

ပြီးခဲ့တဲ့ပိတ်ရက်တုန်းက ကာတာလိဂ်ပွဲစဉ်တစ်ခုမှာ နှလုံးအမောဖောက်ကာ လဲကျခဲ့တဲ့ ခံစစ်မှူး အူစမာနီကူလီဘာလေကတော့ သူ့ရဲ့အသက်ကို ကယ်တင်နိုင်ဖို့ ပထမဆုံးကြိုးစားအားထုတ်ခဲ့သူဖြစ်တဲ့ အဲဗာတန်ကြယ်ပွင့်ဟောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ကျေးဇူးတင်စကားပြောပြီး ချီးကျူးခဲ့ပါတယ်။

အယ်ဝါခရက်ခံစစ်မှူး အူစမာနီကူလီဘာလေဟာ ဂျိမ်းစ်ပါဝင်တဲ့ အယ်ရေယန်နဲ့ ကစားခဲ့ပြီး ပထမပိုင်း ပွဲချိန်အတွင်းမှာတင် လဲကျခဲ့တာ ဖြစ်ပါတယ်။ ကိုလံဘီယာကွင်းလယ်လူဟာ ၃၂ နှစ်အရွယ် ခံစစ်မှူးလဲကျသွားတာနဲ့ တစ်ပြိုင်နက် ချက်ချင်းပြေးသွားပြီး ဆေးအဖွဲ့တွေ မရောက်မီ ရှေးဦးသူနာပြုနည်းနဲ့ အသက်ရှုရအဆင်ပြေအောင် ကြိုးစားပေးခဲ့ပါတယ်။

ကြာသပတေးညမှာတော့ ကူလီဘာလေက ဆေးရုံမှာ အသက်အန္တရာယ်နဲ့ ကင်းဝေးပြီး ကျန်းကျန်းမာမာရှိနေကြောင်း ပုံတင်ကာ အသိပေးခဲ့ပြီး ပြိုင်ဘက်ကစားသမား ဖြစ်ပေမယ့်လည်း အခက်အခဲ ကြုံတွေ့နေချိန်မှာ အမြန်ဆုံး တုံ့ပြန်ခဲ့တဲ့ ဂျိမ်းစ်ကိုလည်း ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

ကူလီဘာလေက “၂၀၂၂ ဇန်နဝါရီ ၉ ရက်နေ့မှာ ကစားတဲ့ပွဲရဲ့ ပထမပိုင်းမပြီးခင်လေးမှာတင် နှလုံးအမောဖောက်ပြီး ကျွန်တော်လဲကျသွားခဲ့တယ်။ အသင်းကလူတွေ အများကြီး ကျွန်တော်လဲကျသွားချိန်မှာ ဝိုင်းကူညီပေးခဲ့ကြတယ်။ ကျွန်တော့်ကိုကယ်တင်ခဲ့တဲ့ သူရဲကောင်းတွေနဲ့ ဘုရားသခင်ကို ကျေးဇူးအများကြီး တင်ပါတယ်။ ပြီးတော့ ကျွန်တော်အသက်ရှုနိုင်အောင် ပထမဆုံးကြိုးစားပေးခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဆေးအဖွဲ့ကို အမြန်ဆုံးလာဖို့ အချက်ပြခဲ့တဲ့ ဆာအစ်အယ်ခါတာ (အယ်ဝါခရက်အသင်းဖော်) ကိုလည်း ကျေးဇူးတင်ပါတယ်”ဆိုပြီး ရေးသားခဲ့ပါတယ်။

သူ့ရဲ့ပို့စ်မှာတော့ ကူလီဘာလေဟာ ဆေးရုံမှာ သူ့ကိုကုသပေးခဲ့သူတွေ၊ အယ်ဝါခရက်အသင်းဖော်တွေ၊ တာဝန်ရှိသူတွေနဲ့ သူလဲကျသွားချိန်မှာ မက်ဆေ့ဂျ်ပေးပို့ကာ အားပေးခဲ့ကြသူ တစ်ဦးချင်းစီကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ ကွင်းတွင်းအရေးပေါ်ကုသချိန်က ကြာမြင့်သွားတာကြောင့် ပွဲကိုဖျက်လိုက်ရပါတယ်။ ကူလီဘာလေ လဲကျချိန်မှာ ဂျိမ်းစ်ရဲ့ အယ်ရေယန်အသင်းက ၁-၀နဲ့ အနိုင်ရရှိနေတာလည်း ဖြစ်ပါတယ်။ တနင်္လာနေ့မှာ ပွဲကိုပြန်ကစားခဲ့ပြီး ဂျိမ်းစ်ရဲ့ အယ်ရေယန်ကပဲ သူ့ရဲ့သွင်းဂိုး ၂ ဂိုးအပါအဝင် ၃-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

#အဲဗာတန် ဂျိမ်းစ်ရိုဒရီဂွက်ဇ် #ကူလီဘာလေ