ရှေ့သို့
Image

နှလုံးဖောက်ခဲ့တဲ့ ပြိုင်ဘက်ကစားသမားကို အသက်ကယ်ဖို့ ကြိုးစားခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်

10:34 AM, 13 January

ရီးရဲလ်မက်ဒရစ်နဲ့ အဲဗာတန်ကြယ်ပွင့်ဟောင်း ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကတော့ ကာတာလိဂ်ပွဲစဉ်တစ်ခုမှာ နှလုံးဖောက်ကာ လဲကျသွားခဲ့တဲ့ ပြိုင်ဘက်ကစားသမား အူစမာနီကူလီဘာလေကို အရေးပေါ်ရှေးဦးသူနာပြုနည်းတွေသုံးပြီး အသက်ကယ်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။

ဂျိမ်းစ်ဟာ ကာတာစတားလိဂ်ရဲ့ အယ်ရေယန်အသင်းမှာ ကစားနေတာဖြစ်ပြီး ကူလီဘာလေကတော့ အယ်ဝါခရက်မှာ ကစားနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပိတ်ရက် ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံရာမှာ ပထမပိုင်း ပွဲချိန်အတွင်း ဂျိမ်းစ်ရဲ့ အဝေးကန်ချက်ကို  ဂိုးစည်းပေါ်ကနေ ရှင်းထုတ်ဖို့ကြိုးစားရင်း ကူလီဘာလေ နှလုံးဖောက်ကာ ဂိုးရှေ့မှာလဲကျသွားခဲ့တာ ဖြစ်ပါတယ်။

ကူလီဘာလေ လဲကျသွားတာကို မြင်တွေ့လိုက်ရတဲ့ ဂျိမ်းစ်ဟာ ဆေးအဖွဲ့တွေ အနားမရောက်လာပြီး ပြိုင်ဘက်ကစားသမားဆီ အမြန်ပြေးသွားပြီး ရှေးဦးသူနာပြုနည်းတွေနဲ့ အသက်ကယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကိုလံဘီယာလက်ရွေးစင်ဟာ ၃၂ နှစ်အရွယ် ကူလီဘာလေရဲ့ ဦးခေါင်းကို အနေအထားမှန်အောင်ထားပြီး ဆေးအဖွဲ့တွေ ကုသမှုမလုပ်မီ အသက်ရှုရအဆင်ပြေအောင်လို့ ကူညီပေးခဲ့ပါတယ်။

အရေးပေါ်ဆေးကုသမှုတွေကို ကွင်းအတွင်းမှာပဲ အမြန်ဆုံးပြုလုပ်လိုက်ရတာကြောင့် ပွဲကိုအချိန်ကြာမြင့်စွာ ရပ်နားလိုက်ရပြီး နောက်ဆုံးပွဲရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကူလီဘာလေ လဲကျသွားချိန်မှာတော့ ဂျိမ်းစ်ရဲ့ အယ်ရေယန်အသင်းက ၁-၀ နဲ့ အနိုင်ရရှိနေပါတယ်။ မာလီနိုင်ငံသားကို ဆေးရုံအချိန်မီပို့နိုင်ခဲ့ပြီး အခြေအနေပြန်ကောင်းသွားခဲ့ပြီလို့လည်း သိရပါတယ်။ ပွဲပြီးထုတ်ပြန်ချက်မှာလည်း ကူလီဘာလေဟာ နှလုံးဖောက်ခဲ့တာဖြစ်ကြောင်း ကာတာလိဂ်က အတည်ပြုခဲ့ပါတယ်။

အဆိုပါပွဲစဉ်ကိုတော့ တနင်္လာနေ့က ပြန်ကန်သွားခဲ့ပြီး အယ်ရေယန်အသင်းကပဲ ဂျိမ်းစ်ရဲ့ သွင်းဂိုး ၂ ဂိုးအပါအဝင် စုစုပေါင်း ၃-၀ နဲ့ အနိုင်ရရှိခဲ့ကာ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။

#အဲဗာတန် #ရီးရဲလ်မက်ဒရစ် ဂျိမ်းစ်ရိုဒရီဂွက်ဇ်