ရှေ့သို့
Image

ယူနိုက်တက်မှာ ရန်နစ် အလုပ်ကောင်းကောင်းလုပ်နိုင်လိမ့်မယ်လို့ ရော်နယ်ဒို ယုံကြည်

9:06 AM, 13 January

ယူနိုက်တက်အသင်းယာယီနည်းပြ ရန်နစ်အနေနဲ့ အသင်းမှာ အလုပ်ကောင်းကောင်းလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပေမယ့် အချိန်ပိုလိုအပ်နိုင်ကြောင်း ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒိုက အခိုင်အမာပြောပါတယ်။
ယူနိုက်တက်ဟာ ရလဒ်ဆိုးတွေကြောင့် ရာထူးကနေ ထုတ်ပယ်လိုက်တဲ့နည်းပြဆိုးလ်ရှားရဲ့နေရာမှာ ရန်နစ်ကို ၆လစာချုပ်နဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပေမယ့် အသက် ၆၃ နှစ်အရွယ်ရှိ ဂျာမန်နိုင်ငံသား ရန်နစ်ကတော့ ယာယီနည်းပြတာဝန်ပြီးဆုံးမယ့် မေလမတိုင်ခင် အသင်းရဲ့ ရလဒ်ဆိုးတွေထဲကနေ လွတ်မြောက်ဖို့ သူ့အတွက် လုံလောက်တဲ့အချိန် မရမှာကို စိုးရိမ်နေပါတယ်။

သတင်းတွေရဲ့ဖော်ပြချက်အရ အသင်းသား တစ်ဝက်လောက်က အသင်းပြောင်းရွှေ့ချင်နေသလို အသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၇ နေရာရောက်နေပြီး အဝတ်လဲခန်းအတွင်း စိတ်ဝမ်းကွဲမှုတွေလည်း ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရော်နယ်ဒိုက ရန်းနစ်အနေနဲ့ လက်ရှိအခြေအနေတွေကို ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ အခိုင်အမာပြောပေမယ့် သူ့အိုင်ဒီယာတွေအတိုင်း ကစားသမားတွေ လိုက်ကစားနိုင်ဖို့ အချိန်ပိုလိုအပ်နိုင်တယ်လို့ ပြောပါတယ်။

''လွန်ခဲ့တဲ့ ၅ပတ်က ရောက်လာပြီးချိန်ကတည်းက သူဟာ အများကြီး ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့လိုချင်တဲ့ပုံစံအတိုင်း ကစားသမားတွေ လိုက်ကစားနိုင်ဖို့ အချိန်ပိုလိုအပ်ပါတယ်။ အချိန်တစ်ခုယူရမှာဖြစ်ပေမယ့် သူ့အနေနဲ့ ယူနိုက်တက်မှာ အလုပ်ကောင်းကောင်းလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်''''ကျွန်တော်တို့အသင်း ကောင်းကောင်းမကစားနိုင်တာသိပေမယ့် ခြေစွမ်းတိုးတက်ဖို့အတွက် ကစားစရာပွဲအများကြီးကျန်နေပါသေးတယ်။ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ကစားပုံတွေကို ပြောင်းလဲဖို့ဆိုတာ မလွယ်ပါဘူး။ သူ့အနေနဲ့ အလုပ်ကောင်းကောင်းလုပ်နေတယ်လို့ ယုံကြည်ပါတယ်''လို့ ရော်နယ်ဒိုက ပြောပါတယ်။

ဒါ့အပြင် ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက ဆိုးလ်ရှား ထုတ်ပယ်ခံခဲ့ရပြီးနောက် ခက်ခဲကြမ်းတမ်းတဲ့ကာလကို ဖြတ်ကျော်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပြီး ရန်နစ် မရောက်လာခင် အသင်းကို ဂန္ထဝင်ကွင်းလယ်လူ မိုက်ကယ်ကာရစ်က ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ရန်နစ်