ရှေ့သို့
Image

ဂျရတ်ကြောင့် ဗီလာကနေ နာပိုလီကို တွမ်ဇီဘီ အငှားနဲ့ ရောက်သွားခြင်းဖြစ်

2:27 PM, 11 January

ယူနိုက်တက်ကနေ အက်စတွန်ဗီလာကို အငှားသွားရောက်ကစားခဲ့တဲ့ နောက်ခံလူ တွမ်ဇီဘီဟာ ဗီလာနည်းပြသစ် အဖြစ် ဒင်းစမစ်ရဲ့နေရာမှာ လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ် ရောက်လာလို့ ဗီလာနဲ့ အငှားစာချုပ်ကို စောစောစီးစီးအဆုံးသတ်လိုက်တာဖြစ်ကြောင်း သူ့ရဲ့အေးဂျင့်ဖြစ်သူက ပြောပါတယ်။

တွမ်ဇီဘီဟာ နွေရာသီက ယူနိုက်တက်ကနေ ဗီလာကို တစ်ရာသီအငှားစာချုပ်နဲ့ ရောက်လာခဲ့ပေမယ့် အခုတော့ အငှားသက်တမ်းကို လျှော့ချကာ နာပိုလီကို အငှားနဲ့ထပ်မံပြောင်းရွှေ့သွားပါတယ်။ သူဟာ ဂျရတ်လက်ထက် ဗီလာအသင်းနဲ့ အတူ ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၈မိနစ်ပဲ ကစားခွင့်ရခဲ့ပြီး လက်စတာ၊ နောဝစ်ချ်တို့နဲ့ ပွဲတွေမှာ လူစားဝင်ကစားခွင့်ရခဲ့တာပါ။

တွမ်ဇီဘီရဲ့အေးဂျင့်ဖြစ်တဲ့ Millennial Sports Management မှ ဒီမီထရီတွမ်ဇီဘီက ကစားသမာဖြစ်သူအပေါ် ဂျရတ်ရဲ့သဘောထားအပေါ် စိုးရိမ်လို့ အငှားစာချုပ်ကို ဖျက်သိမ်းလိုက်တာဖြစ်သလို တစ်ဘက်မှာလည်း ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ ပြင်းထန်တဲ့အားပြိုင်မှုတွေက ဂျရတ်ရဲ့ဆုံးဖြတ်ချက်တွေမှာ အဓိကအချက်တစ်ချက်အနေနဲ့ ပါဝင်နေမှာကို စိုးရိမ်တာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

''တွမ်ဇီဘီဟာ သမိုင်းကြောင်းကောင်းပြီး အသင်းကို အရမ်းချစ်ခင်တဲ့ ပရိသတ်တွေ ပိုင်ဆိုင်ထားတဲ့ နာပိုလီနဲ့အတူ စွန့်စားခန်းအသစ် စတင်လိုက်လို့ စိတ်လှုပ်ရှားနေပါတယ်။ တွမ်ဇီဘီက သူ့အနေနဲ့ နည်းပြဖြစ်သူရဲ့ ဦးစားပေးစာရင်းမှာ မပါဝင်ကြောင်း ထင်ထင်ရှားရှားသိလိုက်ချိန်နဲ့ နာပိုလီရဲ့ကမ်းလှမ်းမှုက အရမ်းစိတ်ဝင်စားစရာကောင်းတာတွေကြောင့် ဆုံးဖြတ်လိုက်တာပါ။
ဗီလာကို ရောက်စတုန်းကတော့ တွမ်ဇီဘီနဲ့ပတ်သက်လို့ ကျွန်တော်တို့ စိတ်လှုပ်ရှားမိခဲ့ပါတယ်။ ဒါပေမဲ့ ဂျရတ် ရောက်လာတဲ့အချိန်မှာတော့ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ ပြင်းထန်တဲ့အားပြိုင်မှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ခဲ့ပါတယ်''လို့ ဒီမီထရီက ပြောပါတယ်။

တွမ်ဇီဘီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နာပိုလီအသင်းအတွက် ပွဲဦးထွက်အဖြစ် ဆမ်ဒိုးရီးယားကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲပြီးဖို့ ၁၀ မိနစ်အလို လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။ နာပိုလီဟာ အဲဒီနိုင်ပွဲကြောင့် အမှတ်ပေး ဇယားထိပ်ဆုံးက အင်တာမီလန်နဲ့ ၆ မှတ်အကွာမှာ ရပ်တည်နေပြီး တွမ်ဇီဘီအနေနဲ့ အသင်းရဲ့ဖလားမျှော်လင့်ချက်မှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်သွားဖို့ အဆင်သင့်ရှိနေတယ်လို့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #အက်စတွန်ဗီလာ #အပြောင်းအရွှေ့ #စတီဗင်ဂျရတ် #တွမ်ဇီဘီ