ရှေ့သို့
Image

မီးရှုးမီးပန်းများဖြင့် ရေပြင်တိုက်ပွဲဆင်နွှဲခဲ့ကြတဲ့ အေစီမီလန်နဲ့ ဗင်နီဇီယာပရိသတ်များ

1:50 PM, 11 January

အေစီမီလန်နဲ့ ဗင်နီဇီယာပရိသတ်တွေဟာ အားပေးတဲ့ အသင်းတွေရဲ့ ပွဲစဉ်မတိုင်မီ ပင်လယ်ထဲမှာ လှေတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး ထူးဆန်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြပါတယ်။ အဆိုပါပွဲစဉ်ကို ရေပေါ်မြို့ကြီးဖြစ်တဲ့ ဗင်းနစ်မြို့ရဲ့ ပီယာလူဂီပန်ဇိုကွင်းထဲမှာ ကစားရမှာဖြစ်တာကြောင့် ပရိသတ်အများစုဟာ ဘောလုံးကွင်းကိုရောက်ဖို့ ကူးတို့လေတွေစီးပြီး သွားကြရပါတယ်။

မျက်မြင်တွေ့ရှိခဲ့သူတွေရဲ့ ဗီဒီယိုတွေအရလည်း ဘောလုံးကွင်းကိုသွားနေတဲ့ ကူးတို့လှေနှစ်စီးဟာ မီးရှူးမီးပန်းတွေကို အသုံးပြုပြီး ပင်လယ်ပြင်မှာ တိုက်ပွဲဆင်နွှဲနေတဲ့ စစ်သင်္ဘောတွေ သဖွယ်အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။ အသင်းတွေရဲ့ အရောင်တွေဖြစ်တဲ့ ဗင်နီဇီယာပရိသတ်တွေရဲ့ လှေက အမည်းရောင် မီးခိုးတွေထွက်နေပြီး အေစီမီလန်ပရိသတ်တွေရဲ့ လှေကတော့ အနီရောင်မီးခိုးတွေ ထွက်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ကံကောင်းတာကတော့ နှစ်ဖက်စလုံးက ပစ်လွှတ်လိုက်တဲ့ မီးရှုးမီးပန်းတွေက တစ်လှေနဲ့တစ်လှေထိခိုက်မှု မရှိခဲ့တာပါပဲ။ ဒါပေမယ့် လှေနှစ်စီးရဲ့ ပင်လယ်ထဲပြင်တိုက်ပွဲကတော့ ဆိုရှယ်မီဒီယာမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်သွားခဲ့ပါတယ်။ ပွဲပြီးချိန်မှာတော့ ဇလာတန်အီဗရာဟီမိုဗစ်က တစ်ဂိုး၊ သီယိုဟာနန်ဒက်ဇ်က နှစ်ဂိုးနဲ့ အေစီမီလန်က ၃-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အီဗရာဟီမိုဗစ်က ပွဲအစ ၂ မိနစ်မှာကတည်းက ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဗင်နီဇီယာဟာ မိုဗစ်ဂိုးသွင်းယူခဲ့တဲ့ ဥရောပထိပ်တန်းလိဂ် ၅ လိဂ်က အသင်း ၈၀ မြောက်ဖြစ်လာခဲ့ပါတယ်။ ဒီစံချိန်ကို ခရစ္စတီယာနိုရော်နယ်ဒိုက ၂၀၀၀ ခုနှစ်ကတည်းက တင်နိုင်ခဲ့တာဖြစ်ပေမယ့် မိုဗစ်ကတော့ အခုမှ ရရှိခဲ့တာ ဖြစ်ပါတယ်။ မီလန်ကလပ်ဟာ ၂၀၁၀-၁၁ ရာသီနောက်ပိုင်း စီးရီးအေချန်ပီယံဆုကို မရယူနိုင်တော့တာဖြစ်ပြီး ဒီရာသီမှာတော့ ရမှတ် ၄၈ မှတ်နဲ့ အဆင့်နေရာက အင်တာမီလန်နဲ့ ၁ မှတ်သာ ကွာဟပါတော့တယ်။

ဒါပေမယ့် အင်တာကတော့ တနင်္ဂနွေနေ့မှာ ကစားရမယ့် လာဇီယိုနဲ့ပွဲစဉ်အပါအဝင် ၁ ပွဲလျော့ထားပါတယ်။ ဗင်နီဇီယာအတွက်တော့ လိဂ်ပွဲစဉ် ၇ ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာဖြစ်ပြီး ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၁၆ နေရာကို ရောက်ရှိနေပြီး တန်းဆင်းဇုန်နဲ့ ၄ မှတ်သာကွာပါတော့တယ်။

#အေစီမီလန် #ဗင်နီဇီယာ #ဟာနန်ဒက်ဇ် #အီဘရာဟီမိုဗစ်