ရှေ့သို့
Image

ရက်ရှ်ဖို့ဒ် ဘာကြောင့်ရုန်းကန်နေရလဲဆိုတာ သူလည်း မသိပါဘူးလို့ ဆိုလာတဲ့ ရန်နစ်

10:04 AM, 11 January

ရက်ဖ် ရန်းစ်က မားက်စ် ရက်ရှ်ဖို့ဒ် ဘာကြောင့် ရုန်းကန်နေရလဲဆိုတာ သူလည်း သေချာမသိပါဘူးလို့ ယမန်နေ့ည ဗီလာကို ကပ်နိုင်ခဲ့တဲ့ပွဲစဉ်အပြီး ပြောခဲ့ပါတယ်။

လီဗာပူးဂန္တဝင် စတီဗင် ဂျရတ် ဦးဆောင်လာတဲ့ ဗီလာအသင်းကို ယူနိုက်တက်က တိုမီနေးရဲ့ ပွဲချိန် ၈မိနစ်မှာ သွင်းယူခဲ့တဲ့ ခေါင်းတိုက်ဂိုးနဲ့အတူ အနိုင်ရရှိခဲ့တာပါ။ ဗီလာအသင်း ရရှိခဲ့တဲ့ သွင်းဂိုး၂ဂိုးကို VARက ပယ်ဖျက်သွားခဲ့ပေမဲ့ ယူနိုက်တက်တို့ ပွဲကို အစောကြီး အဆုံးသတ်နိုင်ဖို့ အခွင့်အရေးအချို့ ရရှိခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အရေးပါတဲ့ အခြေအနေတွမှာ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ပြီး လူစားလဲခံရချိန် ပရိသတ်အချို့က လှောင်ပြောင်တဲ့အနေနဲ့ လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။ ရက်ရှ်ဖို့ဒ် ဘာကြောင့်  ခုလိုတွေ ရုန်းကန်နေရလဲဆိုတာ သူ တကယ်မသိပါဘူးလို့ ရန်းနစ်က ပြောသွားခဲ့ပါတယ်။

ရန်းနစ်က “သူ လေ့ကျင့်ခန်း အစီအစဉ်မှာ ကြိုးစားနေတယ်လို့ ထင်ပါတယ်။ သူ ပြီးခဲ့တဲ့ရက်တွေအတွင်း အကောင်းဆုံး လုပ်ခဲ့တာကြောင့် ပွဲဦးထွက်လူစာရင်းမှာ ပါလာခဲ့တာပါ။ ပထမပိုင်းမှာ သူ့ကို မကြာခဏ မြင်ရပေမဲ့ သူ ဧရိယာထဲ ဘောလုံးရဖို့ ကြိုးစားခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ သူ အဲ့ဒီမှာ မမြင်ရတော့ပဲ ဒါကြောင့်လည်း ကျွန်တော် အီလန်ဂါနဲ့ လင်ဂတ်တို့ကို ထည့်ကစားခဲ့တာပါ။  နောက်တစ်ဆင့်တက်ဖို့က အရမ်းအရေးကြီးခဲ့ပါတယ်။ တိုက်စစ်မှူးတွေအတွက် ယုံကြည်မှုဆိုတာ အထူးလိုအပ်ပြီး ဂိုးသွင်းနိုင်မှ အောင်မြင်တယ်လို့ ဆိုနိုင်မှာပါ။ မားကပ်စ် ဂိုးသွင်းနိုင်ရင် ကောင်းပေမဲ့ သူ လေ့ကျင့်ခန်းမှာ ကောင်းကောင်း လုပ်ပြနေနိုင်ရင် ပြဿနာသိပ်မရှိဘူးလို့ ထင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ် ခြေစွမ်းက ပုံမှန်အောက် ရောက်နေပေမဲ့ ရန်းနစ်ကတော့ အဆိုပါပွဲစဉ်ကနေ ကောင်းကွက်အချို့ကိုသာ ယူသွားခဲ့ပါတယ်။ ယူနိုက်တက် အသင်းဟာ စနေညမှာလည်း အက်စတွန်ဗီလာနဲ့ပဲ ပရီးမီယားလိဂ်ပွဲစဉ်အဖြစ် ထပ်ကစားရဦးမှာ ဖြစ်ပါတယ်။

#အက်စတွန်ဗီလာ #ရက်ရှ်ဖို့ဒ် #ရန်နစ် #စတီဗင်ဂျရတ် #အက်ဖ်အေဖလား