မက်ဂွါရီရဲ့ ယူနိုက်တက်နဲ့ ပတ်သက်တဲ့ နောက်ဆုံး မှတ်ချက်စကားအပေါ် ရွိုင်ကိန်း ပြင်းထန်စွာ ဝေဖန်
3:01 PM, 10 January
ရွိုင်ကိန်းဟာ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွါရီရဲ့ နောက်ဆုံးမှတ်ချက်စကားအပေါ် ပြင်းထန်စွာ ဝေဖန်သွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ယခုနှစ်ရာသီ ဆိုးရွားတဲ့ ရလဒ်တွေ ပိုင်ဆိုင်ခဲ့ပြီးနောက် နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပေမဲ့ ယာယီနည်းပြ ရန်းနစ် လက်ထက်မှာလည်း ပြဿနာတွေ မရှင်းနိုင်ပဲ ဖြစ်နေပါတယ်။
ဂျာမန်သားလက်ထက်မှာ ခံစစ်ပိုင်း ပိုတည်ငြိမ်လာပေမဲ့ မက်ဂွါရီကတော့ ကစားသမားဘ၀ စိန်ခေါ်မှု အများဆုံး အခိုက်အတန့်ကို ရင်ဆိုင်နေရပါတယ်။ ယူနိုက်တက်အသင်းဟာ လီဗာပူး၊ မန်စီးတီး၊ ဝက်ဖို့ဒ်တို့နဲ့ ပွဲစဉ်တွေမှာ ဂိုးပြတ်အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံး ဝက်ဖို့ဒ်နဲ့ပွဲမှာ မက်ဂွါရီတစ်ယောက် အထုတ်ခံခဲ့ရပါတယ်။ ယူနိုက်တက် ဂန္တဝင် ကိန်းက အင်္ဂလန်သားအကြောင်း ပြောရာမှာ ထိန်းချုပ်ထားခြင်းမရှိပဲ ပြင်းထန်စွာ ဝေဖန်သွားခဲ့ပါတယ်။
မက်ဂွါရီက “ကျွန်တော်တို့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့ပြီး ပြန်လည်တိုက်ပွဲဝင်နိုင်ဖို့ လိုနေပါတယ်။ အသင်းက မနှစ်က ဒုတိယနေရာ ရခဲ့ပြီး ဒီနှစ်မှာ လူစာရင်းလည်း ပိုတောင့်လာတာကြောင့် မှန်ကန်တဲ့ အားထုတ်မှုကို ပြသရန် လိုအပ်ပါတယ်။ ကျွန်တော်တို့အသင်းမှာ ဦးဆောင်သူတွေ ရှိပြီး ဒီလိုဖြစ်နေတာကို ကျွန်တော် စိတ်ပျက်နေပါပြီ။ ဒါပေမဲ့ ခုလို ဆက်သွားလို့တော့ မရပါဘူး။ ကျွန်တော်တို့ တနင်္လာနေ့ကနေစပြီး သင့်လျော်တဲ့ မောင်းနှင်မှု လုပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဝေဖန်မှုတွေ အများအပြားနဲ့ ရင်ဆိုင်ခဲ့ဖူးပြီး သူတို့ ဝေဖန်တာလည်း မှန်ပါတယ်။ ပရိသတ်တွေနဲ့ ကစားသမားဟောင်းတွေရဲ့ အမြင်အပေါ် ကျွန်တော်တို့ နားလည်ပါတယ်”လို့ ဆိုခဲ့ပါတယ်။
ဒါပေမဲ့ ကိန်းကတော့ မက်ဂွါရီရဲ့ စွမ်းဆောင်ရည်ကောင်းကို မမြင်ရမချင်း သူပြောဘာကိုမှ အဖက်မလုပ်ဖို့ ပရိသတ်တွေကို ပြောခဲ့ပါတယ်။
ရွိုင်ကိန်းက“အဲ့ဒါမျိုး သူပြောနေတာ ဘယ်နှခါရှိပြီလဲ။ ဟယ်ရီ ပြောတာတွေကို ကျွန်တော် သိပ်နားမထောင်ပါဘူး။ ကျွန်တော်ကတော့ ကစားသမားတစ်ယောက်ရဲ့ ကွင်းထဲက စွမ်းဆောင်ရည်ကိုပဲ ကြည့်ပြီး ဆုံးဖြတ်ပါတယ်။ သူတို့ အတူတကွ လုပ်သင့်ပြီဆိုပြီး အရေးမပါတဲ့ ပြောဆိုမှုတွေကို လက်မခံပါဘူး။ ကစားသမားတစ်ယောက်ရဲ့ ကွင်းထဲမှာ လုပ်ပြခဲ့တာကိုပဲ လေ့လာဆန်းစစ်ကြပါ။ ယူနိုက်တက်က လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မလုပ်ပြနိုင်ပေမဲ့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ကစားရတော့ စွမ်းဆောင်ရည်ကောင်းနဲ့ အလှည့်အပြောင်း လုပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ အခုထိတော့ လုံလောက်တဲ့ ခြေစွမ်းကောင်းကို မရသေးပါဘူး”လို့ ပြောခဲ့ပါတယ်။