ရှေ့သို့
Image

ဂျူဗင်တပ်စ်ကို ၇ မိနစ်အတွင်း ၃ဂိုးပေးလိုက်ရပြီးနောက် အသင်းသားတွေကို အားနည်းလွန်းသူတွေလို့ ဝေဖန်လိုက်တဲ့ မော်ရင်ဟို

1:27 PM, 10 January

ရိုးမားအသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုဟာ ဂျူဗင်တပ်စ်ကို ၇ မိနစ်အတွင်း ၃ဂိုးအထိပေးရကာ ၃-၄ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက် အသင်းသားတွေက အရမ်းကိုအားနည်းလွန်းခဲ့တယ်လို့ ဝေဖန်လိုက်ပါတယ်။ ရိုးမားဟာ ပွဲချိန်မိနစ် ၇၀အထိ ၃-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၇ မိနစ်အတွင်း ၃ဂိုးအထိ ပေးခဲ့ရသလို မိနစ် ၈၀ကျော်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ပယ်လီဂရီနီ ကန်သွင်းရာမှာလည်း ဆက်ဇီနီ ကာကွယ်သွားလို့ အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ရပါတယ်။

''ကျွန်တော်တို့အသင်းဟာ မိနစ် ၇၀ အထိ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ ကစားပုံကောင်းမွန်ခဲ့ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း တောင့်တင်းခဲ့ပါတယ်။ မိနစ် ၇၀လောက်အထိ အရမ်းကောင်းခဲ့ပြီးမှ နောက်ပိုင်းမှာ ပြိုလဲပျက်စီးခဲ့ရပါတယ်။ ၃-၂ ဖြစ်သွားတာက ကျွန်တော်တို့ကို သတ်လိုက်သလိုပါပဲ'' ''ဘာဖြစ်လို့ဆိုတော့ တစ်ပွဲလုံးကစားပုံကောင်းနေပြီး ကျူဒရာဒိုနဲ့အပြိုင် ပြေးလွှားကစားနေတဲ့ အဖီနာဂျင်ကို ရှိုမူရိုဒေါ့ဗ်နဲ့ လူစားလဲလိုက်မိပါတယ်။ ဒါက မှားသွားပါတယ်။ ၃-၂ ဖြစ်သွားချိန် ဂျူဗင်တပ်စ်လို စိတ်ဓာတ်ပိုင်းမြင့်မားတဲ့ အသင်းနဲ့ဆိုတော့ သွားတာပေါ့။ ကျွန်တော့်အတွက် ပြဿနာမဟုတ်ပေမယ့် ကျွန်တော့်အသင်းအတွက်တော့ ပြဿနာဖြစ်ခဲ့ပါတယ်''

''အသင်းသားတွေက အရမ်းကိုအားနည်းလွန်းပါတယ်။ ကစားသမားတွေကိုလည်း ပြောလိုက်တယ်၊ တကယ်လို့ မိနစ် ၇၀နဲ့ ပွဲပြီးသွားရင် စွမ်းဆောင်ရည်က သိပ်ကောင်းလိမ့်မယ်ဆိုပြီးတော့ပေါ့။ အခုတော့ ကံမကောင်းစွာနဲ့ပဲ မိနစ် ၇၀နဲ့ အဆုံးမသတ်ခဲ့ပါဘူး''လို့ မော်ရင်ဟိုက ပြောပါတယ်။ အသက် ၅၈ နှစ်အရွယ်ရှိ မော်ရင်ဟိုဟာ ယခုတစ်ပတ်ထဲမှာ အာဆင်နယ်ကနေ အငှားနဲ့ ရောက်လာတဲ့ တောင်ပံကစားသမား မစ်လန်းနိုင်းစ်ကို ပွဲထွက်အဖြစ် ရွေးချယ်ခဲ့ပေမယ့် သူကတော့ ဈေးကွက်အတွင်း ဝင်ရောက်လှုပ်ရှားဦးမယ်လို့ ပြောပါတယ်။

''ကျွန်တော့်ရဲ့  ပုဂ္ဂိုလ်ရေးအရ လုံလောက်ပြီလို့ တစ်ခါမှမတွေးပါဘူး။ အခု ကျွန်တော်တို့အသင်းဟာ အငှားနဲ့ ကစားသမား ၂ဦးကို ခေါ်ယူထားပါတယ်။ တစ်ယောက်ကတော့ မစ်လန်းနိုင်းစ်ပါ။ နောက်တစ်ယောက်ကတော့ ကွင်းလယ်လူဖြစ်ဖို့များပြီး နောက်တစ်ပတ်ထဲ ရောက်ဖြစ်မှာပါ''လို့ မော်ရင်ဟိုက ဆက်ပြောပါတယ်။

#ရိုးမား #ဂျူဗင်တပ်စ် #မော်ရင်ဟို #ဆက်ဇနီ