ရှေ့သို့
Image

မြေးဖြစ်သူရဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်ပွဲဦးထွက် အတွက် အပျော်တွေမဖုံးနိုင်၊ မဖိနိုင်ဖြစ်နေခဲ့တဲ့ အီယန်ရိုက်

10:31 AM, 10 January

အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အီယန်ရိုက်ဟာ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အဖြစ် လေတန်အသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ စတုတ်စီးတီးအသင်းအတွက် မြေးဖြစ်သူ ပထမဆုံးပရော်ဖက်ရှင်နယ်ပွဲထွက်ခွင့်ရခဲ့လို့ ဝမ်းသာကျေနပ်နေပါတယ်။

ချဲလ်ဆီးနဲ့ မန်စီးတီးကြယ်ပွင့်ဟောင်း ရှောင်ရိုက်ဖီးလစ်ရဲ့သားဖြစ်သူ ဒီမာဂျီယိုရိုက်ဖီးလစ်ဟာ တိုက်စစ်မှူးအဖြစ် ပါဝင်ကစားခဲ့တာဖြစ်ပြီး သူ့မိသားစုဝင်တွေအနက် ပရော်ဖက်ရှင်နယ်ပွဲထွက်ခွင့်ရကာ အက်ဖ်အေဖလား ပွဲကစားခွင့်ရရှိတဲ့ တတိယမြောက်မျိုးဆက်ဖြစ်လာပါတယ်။ အီယန်ရိုက်ဟာ စတုတ်စီးတီးအသင်းရဲ့ ပွဲထွက်စာရင်းအခင်းအကျင်း Tweet ကို အသည်းနှလုံးမျက်လုံးပုံ အီမိုဂျီလေးတွေနဲ့အတူ Retweet ပြန်လုပ်ခဲ့တာဖြစ်ပြီး အင်စတာဂရမ်မှာလည်း အသည်းနှလုံးပုံအီမိုဂျီလေးတွေနဲ့အတူ ''ဂုဏ်ယူနေတဲ့ဘိုးဘိုး''ဆိုပြီး ရေးသားခဲ့ပါတယ်။

ဒီမာဂျီယိုဟာ ပြီးခဲ့တဲ့နှစ်က မန်စီးတီးကနေ စတုတ်စီးတီးကို ရောက်လာခဲ့တာဖြစ်ပြီး မကြာသေးခင်က ထရိန်နင်မှာ အစွမ်းပြနိုင်ခဲ့ပြီးနောက် ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့တာပါ။ သူဟာ ပွဲပြီးဖို့ ၆ မိနစ်အလိုကျမှ တီဂယ်နဲ့ လူစားလဲခံခဲ့ရတာဖြစ်ပြီး အသင်းကလည်း ၂-၀ ဂိုးနဲ့အနိုင်ရကာ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပါတယ်။

သူ့အဘိုးနဲ့ သူ့အဖေ နှစ်ယောက်စလုံးဟာ ကစားသမားဘဝတုန်းက အက်ဖ်အေဖလားရယူနိုင်ခဲ့ပြီး အီယန်ရိုက်က အာဆင်နယ်အသင်းသားအဖြစ် ၁၉၉၃ နဲ့ ၁၉၉၈ မှာ နှစ်ကြိမ်ရရှိခဲ့ကာ ရှောင်ရိုက်ဖီးလစ်ကလည်း ၂၀၀၇ ခုနှစ်မှာ ချဲလ်ဆီးနဲ့အတူ ဆုဖလား ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

#အာဆင်နယ် #ရိုက်ဖီးလစ် #အီယန်ရိုက် #အက်ဖ်အေဖလား