အာဆင်နယ်က ရီးရဲလ်လို ဝတ်ထားပေမဲ့ အပျော်တမ်းအသင်းလို ကစားခဲ့တယ်ဆိုပြီး ရွိုင်ကိန်း ဝေဖန်
9:22 AM, 10 January
ယမန်နေ့ည အက်ဖ်အေဖလားပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ရှုံးပြီး ထွက်ခဲ့ရတဲ့ အာဆင်နယ်အသင်းကို ရွိုင်ကိန်းနဲ့ အီယန်ရိုက်တို့က ဝေဖန်သွားခဲ့ပါတယ်။ ဂန်းနားတွေဟာ အဆိုပါပွဲစဉ်အတွင်း ဂိုးပေါက်တည့်မှု ၁ကြိမ်မှ မရှိခဲ့ပဲ ခြေစွမ်းပြနေတဲ့ လူငယ်လေး ဆာကာနဲ့ မာတင်နယ်လီတို့လည်း ပါဝင်ခဲ့ပေမဲ့ ထိရောက်တဲ့ ထိုးဖောက်မှုမျိုးတော့ ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။နော်တင်ဟမ်ဖောရက်စ်ကတော့ အကောင်းဆုံး ခြေစွမ်းတစ်ခုကို ပြသနိုင်ခဲ့ပြီး ဂရက်ဘန်က အသင်းနောက်တစ်ဆင့် တက်နိုင်မယ့် ၁လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အဆိုပါပွဲစဉ်မှာ လန်ဒန်ဓားထိုးမှုဖြစ်စဉ်အပေါ် campaignတ တစ်ခုအနေနဲ့ အဖြူရောင်ဂျာစီ ဝတ်ဆင်ကစားခဲ့ပြီး ရွိုင်ကိန်းက ဂန်းနားတွေဟာ ရီးရဲလ်မက်ဒရစ်လို ဝတ်ထားပေမဲ့ စွမ်းဆောင်ရည်ကတော့ အပျော်တမ်းအဆင့်လောက်ပဲ ရှိတယ်လို့ ဝေဖန်ခဲ့ပါတယ်။
ရွိုင်ကိန်းက “၂သင်းစလုံးက ခြေစွမ်းဆိုးခဲ့ပြီး ၂သင်းစလုံးကို ဝေဖန်ရပါလိမ့်မယ်။ ဖောရက်စ်က အိမ်ကွင်းမှာ ကစားတာကြောင့် ခံစစ်ကစားတာ မဆန်းပါဘူး။ အာဆင်နယ်ကတော့ သူတို့အရည်အသွေးတွေနဲ့ ရီးရဲလ်မက်ဒရစ်လို ဝတ်ထားပေမဲ့ ကစားနေတာက အပျော်တမ်းအသင်းလို ဆိုးရွားခဲ့ပါတယ်။ ဘောလုံးပေးပို့မှု လျင်မြန်ခြင်း၊ ဆုံးဖြတ်ချက်တွေ၊ ခံစစ်ကိုကျော်ပြီး ပေးတာတွေက တကယ်ကို ဆိုးရွားခဲ့ပါတယ်”လို့ ပထမပိုင်းအပြီးမှာ ပြောခဲ့ပါတယ်။
ပွဲအပြီးမှာ ရွိုင်ကိန်းက “အာဆင်နယ်က မန်စီးတီးနဲ့ ပွဲမှာ အကောင်းဆုံး ကစားခဲ့ပြီး ရှုံးခဲ့ပါတယ်။ သူတို့မှာ ပျော့ညံ့မှုတွေ ရှိနေတုန်းပါပဲ။ ကျွန်တော်တို့ ဒီမှာ တိုက်ရိုက်ကြည့်နေချိန် သူတို့မှာ ကစားသမားတွေ မပါတာမြင်နေရပေမဲ့ အာဆင်နယ် နောက်တစ်ဆင့်တက်မယ်ဆိုပြီး တွေးနေတုန်းပါပဲ။ အာဆင်နယ်က သူတို့ကိုယ်သူတို့ မိတ်ဆက်ခြင်း မရှိခဲ့ပဲ နောက်တစ်ဆင့်တက်နိုင်တယ်တဲ့ စွမ်းဆောင်ရည်ကိုလည်း မပြခဲ့ပါဘူး။ ဒါကအသင်းအတွက် ကောင်းတယ်လို့ ခံစားရပေမဲ့ အခုကတော့ အသင်းအတွက် ကြီးမားတဲ့ ဆုတ်ယုတ်မှု ဖြစ်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။
အာဆင်နယ်ဂန္တဝင် အီယန်ရိုက်လည်း ဂန်းနားတွေရဲ့ စွမ်းဆောင်ရည်ဟာ ဆိုးရွားခဲ့တယ်လို့ ရွိုင်းကိန်းနဲ့ ထပ်တူ ဝေဖန်ခဲ့ပါတယ်။
အီယန်ရိုက်က “တော်တော်လေး ဆိုးရွားတဲ့ စွမ်းဆောင်ရည်ပါ။ ကွင်းလယ်ပိုင်း အဓိကနေရာမှာ လူငယ်လေးတွေ ကစားတယ်ဆိုပေမဲ့ ကွင်းလယ်ကနေ ဘောလုံးသိပ်ထွက်လာခြင်း မရှိခဲ့ပါဘူး။ ဆာကာနဲ့အတူ အန်ကီတီယာလည်း အခွင့်အရေး ရခဲ့ပေမဲ့ အသုံးမချနို်ငခဲ့ပါဘူး။ ဒီလိုပွဲမျိုးမှာ ခက်ခဲတယ်ဆိုရင် အားလုံး စိတ်သက်သာရာရအောင် အခွင့်အရေးတွေ ယူနိုင်ဖို့ လိုပေမဲ့ နောက်ဆုံးမှာ အကောင်းဆုံး ဖြတ်တင်ဘော၊ အားထုတ်မှုတွေနဲ့ ဂိုးသွင်းယူသွားခဲ့တဲ့ ဖောရက်စ်ကို အသိအမှတ်ပြုရပါမယ်”လို့ ဆိုခဲ့ပါတယ်။ #အာဆင်နယ် #ရွိုင်ကိန်း #အက်ဖ်အေ #နော်တင်ဟမ်ဖောရက်စ်