ရှေ့သို့
Image

ချဲလ်ဆီး ဂိုးပြတ်နိုင်ခဲ့ပြီး၊ နယူးကာဆယ် ထွက်ခဲ့ရကာ အဲဗာတန် ပြန်လာနိုင်ခဲ့တဲ့ ယမန်နေ့ည အက်ဖ်အေဖလားပွဲစဉ်များ

8:46 AM, 9 January

ချဲလ်ဆီးအသင်းဟာ ယမန်နေ့ညက အသင်းငယ်လေး ချက်စတာဖီးလ်ကို ၅-၁ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူကာ အက်အေဖလား နောက်တစ်ဆင့်ကို လွယ်လွယ်ကူကူပဲ တက်သွားခဲ့ပါတယ်။ ကိုဗစ်ကနေ ပြန်လာတဲ့ တိုက်စစ်မှူး ဝါနာက ပွဲချိန် ၆မိနစ်မှာတင် ချဲလ်ဆီးအတွက် ဦးဆောင်ဂိုး သွင်းခဲ့ပြီး ၁၈မိနစ်၊ ၂၀မိနစ်တို့မှာ အိုဒွိုင်းလ်၊ လူကာကူတို့က ဒုတိယနဲ့ တတိယဂိုးတွေက် ဆက်တိုက်သွင်းပေးခဲ့ပါတယ်။

နည်းပြ တူချယ်ရဲ့ ယုံကြည်မှုကို ရပြီး ပွဲထွက်ခွင့်ရခဲ့တဲ့ လူငယ်လေး ဟောလည်း ပါဝင်လာခဲ့ပြီး ၃၉မိနစ်မှာ ခရစ္စတီယန်ဆန်က ခေါင်းတိုက်ကာ စတုတ္ထဂိုး သွင်းပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပူလီဆစ်ကို မီလာ လူချကစားခဲ့တာကြောင့် ချဲလ်ဆီးတို့ ပင်နယ်တီကန်ခွင့် ရခဲ့ပြီး ဇီယက်ချ်က အပိုင်ကန်သွင်းသွားခဲ့ပါတယ်။

ချက်စတာဖီးလ်အတွက် အသင်းကြီးကို ပြန်သွင်းနိုင်ခဲ့တဲ့ နှစ်သိမ့်ဂိုးကိုတော့ အက်ဆန်တီက သွင်းယူပေးခဲ့ပါတယ်။ အဲဗာတန်အသင်းကတော့ ဟူးလ်စီးတီးနဲ့ ပွဲစဉ်မှာ အချိန်ပိုထိ ကစားခဲ့ရပြီး တောင်ဆန်ရဲ့ သွင်းဂိုးကြောင့် နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁မိနစ်မှာတင် စမစ်က ဟူးလ်စီးတီးအတွက် ဦးဆောင်းဂိုး သွင်းပေးခဲ့ပေမဲ့ ဂရေးနဲ့ ဂိုမက်စ်တို့က အဲဗာတန်အတွက် ချေပိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်သွင်းပေးခဲ့ပါတယ်။

ဒါပေမဲ့ ၇၁မိနစ်မှာ လောင်းမန်းက ဟူးလ်အတွက် ချေပဂိုး ပြန်သွင်းသွားကာ ၂ဖက်စလုံး ဂိုးမသွင်းနိုင်ခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ ၉၉မိနစ်မှာတော့ တောင်ဆန်က အဲဗာတန်အသင်း နောက်တစ်ဆင့်တက်စေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့ရပါတယ်။ နယူးကာဆယ်အသင်းကတော့ လိဂ်ကလပ် ကင်းဘရစ်ချ်ကို ထရစ်ပီယာလို ကစားသမားမျိုး ပွဲထုတ်ကစားစေတာတောင် ရှုံးနိမ့်ခဲ့ကာ အက်ဖ်အေဖလားကနေ ထွက်ခဲ့ရပါတယ်။

ကင်းဘရစ်ချ်က တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ အိုင်ရွန်ဆိုက်ဒ်က ၅၆မိနစ်မှာ အနီးကပ်သွင်းယူသွားခဲပြီး နယူးကာဆယ်တို့ အဆိုပါဂိုးကို ပွဲပြီးချိန်ထိ ချေပနိုင်ခြင်း မရှိခဲ့ပါဘူး။  လက်စတာကတော့ ပရီးမီးယားလိဂ်ပြိုင်ဘက် ဝက်ဖို့ဒ်ကို ၄-၁ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူကာ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ကလည်း ပို့ဗေးကို ၄-၁ဂိုးနဲ့ပဲ အဝေးကွင်းမှာ အနိုင်ယူကာ သက်သောင့်သက်သာ တက်သွားနိုင်ခဲ့ပါတယ်။

ဆောက်သမ်ကတော့ ဆွမ်ဆီးကို အနိုင်ယူဖို့ အချိန်ပိုထိ ကစားခဲ့ရကာ ၁၀၂မိနစ်မှာ သွင်းယူခဲ့တဲ့ ရှိန်းလောင်းရဲ့ ဂိုးကြောင့် နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ ဘန်လေတို့ အက်ဖ်အေမှာလည်း ဟက်ဒါးစ်ဖီးလ်ကို ရှုံးကာ ပြို်ငပွဲက ထွက်ခဲ့ရပြန်ပါတယ်။

#ချဲလ်ဆီး #နယူးကာဆယ် #လူကာကူ #တူချယ် #ဝါနာ