ရှေ့သို့
Image

ယူနိုက်တက်ကို ပြုပြင်ဖို့ အချိန် မလုံလောက်မှာကို စိုးရိမ်နေတဲ့ နည်းပြရန်နစ်

10:10 AM, 7 January

မန်ချက်စတာယူနိုက်တက် နည်းပြကြီးရာ့ဖ်ရန်နစ်တစ်ယောက် လာမယ့်မေလဆိုရင် ယာယီနည်းပြရာထူး ပြီးဆုံးတော့မှာဖြစ်တာကြောင့် လက်ကျန်အချိန်အတွင်း အသင်းကို ပြုပြင်ပြောင်းလဲဖို့ အချိန်မမီမှာကို စိုးရိမ်နေတယ်လို့ အတွင်းသတင်းတွေက ပြောလာပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကပဲ နည်းပြဂျိုဆေးမော်ရင်ဟို ထွက်ခွာသွားပြီးနောက်ပိုင်း ယူနိုက်တက်ရဲ့ စိတ်ဓာတ်ပိုင်း ယိုယွင်းလာတယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက် တက်လာခဲ့ပါတယ်။

လူစာရင်းတစ်ဝက်လောက်ကလည်း အသင်းကနေ ထွက်ခွာဖို့ကြိုစားနေကြပြီး အဝတ်လဲခန်းထဲမှာလည်း အဖွဲ့ကွဲနေတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် ယူနိုက်တက်ရဲ့ ကွင်းတွင်းခြေစွမ်းတွေဟာ ပိုမိုဆိုးရွားလာပြီး အမှတ်ပေးဇယားမှာ အဆင့် ၇ နေရာထိ ရောက်သွားခဲ့ပါတယ်။ ရန်နစ်အတွက်လည်း ရာသီကုန်ထိသာ အချိန်ရတာကြောင့် အသင်းကိုပြုပြင်ပြောင်းလဲဖို့ အချိန်မလုံးလောက်တဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။

၆၃ နှစ်အရွယ် ဂျာမန်သားနည်းပြကြီးအနေနဲ့ ကာလတိုနည်းပြသာ ဖြစ်တာကြောင့် အသင်းကိုကိုင်တွယ်ရာမှာ ထင်သလောက် အလုပ်မဖြစ်ပဲ အမြဲတမ်းနည်းပြသာ ဖြစ်လာပါက သူ့ရဲ့ကစားကွက်နဲ့ အံဝင်မယ့် ကစားသမားတွေကို အသင်းမှာ အစားထိုးသွားဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ရဲ့ အဓိကပြဿနာတွေဟာ ရန်နစ်မရောက်ခင်ကတည်းက နည်းပြအိုလီဂန်နာဆိုးလ်ရှားလက်ထက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာလည်း ယူနိုက်တက်အသင်းသား အတော်များများက ရန်နစ်ရဲ့ ထရိန်နင်နည်းစနစ်တွေကို အားမရသလို နည်းပြအဖွဲ့ဝင်သစ်တွေဖြစ်တဲ့ ခရစ်အာမက်စ်နဲ့အီဝန်ရှက်ပ်တို့ရဲ့ အရည်အသွေးကို စိတ်ပျက်နေကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာမက်စ်ဟာ ယူနိုက်တက်ကို မရောက်ခင် အမေရိကန်မေဂျာလိဂ်ကလပ်တွေဖြစ်တဲ့ New York Red Bulls နဲ့ Toronto FC တို့ကနေ ၁၅ လအတွင်း နှစ်ကြိမ်တိုင်တိုင် ထုတ်ပယ်ခံခဲ့ရပြီး ရှက်ပ်ကတော့ ရန်နစ်နဲ့နောက်ကို လိုကိုမိုတစ်မော်စကိုအသင်းကနေ လိုက်လာတာ ဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့လည်း အသင်းကထွက်ခွာချင်တဲ့ ကစားသမားတွေကို ထွက်ခွာခွင့်ပေးဖို့ စီစဉ်နေပြီး မြင့်မားလွန်းတဲ့ လစာနှုန်းထားကို လျှော့ချကာ ကစားသမားသစ် ခေါ်ယူမှုတွေ ၊ အငှားခေါ်ယူမှုတွေကို ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။ တစ်ပတ်လစာ ပေါင် ၂၀၀၀၀၀ ထိ ရရှိနေတဲ့ တိုက်စစ်မှူး အန်တိုနီမာရှယ်ကတော့ ဆီဗီလာကို အငှားနဲ့ ပြောင်းရွှေ့နိုင်ဖို့ နီးစပ်နေသလို ဒဏ်ရာကြောင့် ၂ နှစ်ကျော် အနားယူခဲ့ရတဲ့ ဖီးလ်ဂျုံးစ်ကလည်း တစ်ပတ်ကို ပေါင် ၁၂၀၀၀၀ ထိ ရရှိနေပါတယ်။

ဒါ့အပြင်အခြားလစာမြင့်ကစားသမားတွေဖြစ်ကြတဲ့ ပေါလ်ပေါ့ဂ်ဘာ၊ ဂျက်ဆီလင်ဂတ်၊ အက်ဒီဆင်ကာဗာနီနဲ့ ဂျူအန်မာတာတို့ဟာလည်း လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ အသင်းကနေ ထွက်ခွာဖို့များနေပါတယ်။ လက်ရှိအပြောင်းအရွှေ့ အတွင်းမှာလည်း ကစားသမားအများစု ထွက်ခွာဖွယ် ရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်နစ်