ရှေ့သို့
Image

ဖိအားတွေအောက်ကနေ ရုန်းထွက်ပြီး တော့တင်ဟမ်နဲ့ ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ လူကာကူကို တူချယ် ချီးကျူး

10:06 AM, 6 January

သောမက်စ် တူချယ်က အခက်အခဲတွေ၊ ဖိအားတွေကြားကနေ ရုန်းထွက်ကာ တော့တင်ဟမ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူကို ချီးကျူးသွားခဲ့ပါတယ်။ ၂၈နှစ်သားဟာ စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ ချဲလ်ဆီးတွင် မပျော်မရွှင် ဖြစ်နေတယ်လို့ ဝန်ခံခဲ့ပြီးနောက် အငြင်းပွားဖွယ် ကိစ္စတွေ ဖြစ်ပေါ်ခဲ့တာပါ။

ဘယ်လ်ဂျီယံသားကို တူချယ်က လီဗာပူးနဲ့ ၂ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချန်လှပ်ခဲ့ပေမဲ့ ယမန်နေ့ည တော့တင်ဟမ်နဲ့ ကာရာဘောင်ဖလား ပထမအကျော့ပွဲမှာတော့ ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ ချဲလ်ဆီးအသင်း သက်သောင့်သက်သာ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း လူကာကူဟာ နည်းပြ စိတ်ကျေနပ်လောက်မယ့် ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ်။

တူချယ်က “ကျွန်တော် လူကာကူရဲ့ ခြေစွမ်းနဲ့ သူကစားခဲ့တဲ့ ပြင်ပြင်းထန်ထန် ကစားပုံနဲ့ အားထုတ်မှုအပေါ် လုံး၀ ကျေနပ်ပါတယ်။ သူ ဖြစ်ပျက်ခဲ့တာတွေကြောင့် သက်ရောက်မှု မရှိခဲ့ပဲ အေးအေးဆေးဆေး ဖြစ်နေကာ စိတ်ဓာတ်ပိုင်းအရလည်း ကောင်းမွန်နေပါတယ်။ သူက အမြဲအန္တရာယ်ပေးနိုင်တဲ့ တိုက်စစ်မှူးဖြစ်ပြီး ခြိမ်းခြောက်နိုင်တဲ့ အခြေအနေတွေမှာ အမြဲပါဝင်ပါတယ်။ သူက ဖိအားတွေနဲ့ အခက်အခဲတွေအပေါ် ခံနိုင်ရည်ရှိတာကြောင့် သူ ခုလို ခြေစွမ်းပြနိုင်မယ်လို့ ကျွန်တော် ခန့်မှန်းခဲ့ပါတယ်။ သူ ကျွန်တော်တို့နဲ့ ဆွေးနွေးပြီးနောက် အေးအေးဆေးဆေး ဖြစ်ပွားပုံရပါတယ်။ ကျွန်တော်ကလည်း သူ ခုလို ခြေစွမ်းပြနိုင်ခဲ့လို့ စိတ်သက်သာရာရခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ချဲလ်ဆီးအတွက် ကိုင် ဟားဗက်ဇ်က ဦးဆောင်ဂိုး သွင်းခဲ့ပြီး ဒုတိယဂိုးကိုတော့ တော့တင်ဟမ်နောက်ခံလူ ဘန်ဒေးဗီးစ်က ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာ ဖြစ်ပါတယ်။

#ချဲလ်ဆီး #တော့တင်ဟမ် #လူကာကူ #တူချယ် #ကာရာဘောင်ဖလား